-1-

1.6K 106 0
                                    

" I came along
  I wrote a song for you
  And all the things you do ,
  It was all yellow "

ကုန်းမြင့်လေးပေါ်က အညိုရောင် ကော်ဖီဆိုင်လေးထဲမှာ Coldplay ရဲ့ Yellow သီချင်းသံက ခပ်တိုးတိုးလွင့်ပျံလျက် ။ မေလလယ် ရောက်နေပြီ ဖြစ်ပေမယ့် ရာသီဥတုက ခပ်မှိုင်းမှိုင်းမို့ ကော်ဖီဆိုင်ထဲတွင်လည်း လူသိပ်မများလှ ။ ရစ်ခီထိုင်နေသောဝိုင်း အပါအဝင် သုံးလေးဝိုင်းခန့်သာ ရှိသည် ။ အမှန်အတိုင်း ဝန်ခံရလျှင် ဒီလိုရာသီဥတုမျိုးမှာ ရစ်ခီလည်း အပြင်မထွက်ချင် ။ အိုလီတစ်ယောက် ဂျယ်ဂျူကျွန်းကို အလည်သွားရင်း လေဆိပ်မှာ luggage မှားဆွဲခဲ့တာကြောင့်သာ ပြန်လဲဖို့ ရစ်ခီက အဖော်လိုက်လာပေးတာဖြစ်သည် ။ သို့သော် ကာယကံရှင် အိုလီက လမ်းခုလတ်ရောက်မှ ကိစ္စပေါ်လာသဖြင့် ရစ်ခီတစ်ယောက်တည်းသာ luggage တစ်လုံးနှင့် ကော်ဖီဆိုင်တွင် ကြောင်တောင်တောင် ။

သိပ်မကြာခင် မိုးက ခပ်ဖွဲဖွဲရွာချလာသည် ။ နွေလယ်မိုးတို့ရဲ့ သဘာဝအတိုင်း မြေသင်းနံ့က ခပ်နွေးနွေး ။ ကော်ဖီဆိုင်ထဲရှိ အငွေ့အသက်က တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်မို့ တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုကို ရစ်ခီ လိုက်ကြည့်နေမိသည် ။ ကော်ဖီဆိုင်ပိုင်ရှင် ဖြစ်ဟန်တူသော လူတစ်ယောက်က စုံတွဲတစ်တွဲထိုင်နေတဲ့ဝိုင်းကို ပြရင်း ဝန်ထမ်းတွေကို တစ်ခုခုညွှန်ကြားနေသည် ။ ထိုစုံတွဲတွင်တော့ ကောင်လေးက တစ်စုံတစ်ရာအတွက် စိတ်လှုပ်ရှားနေသည့်ပုံ ။ ခဏအကြာတွင် ကိတ်မုန့်လှည်းကို တွန်းကာ ထွက်လာသော ဝန်ထမ်းတစ်ယောက်ကြောင့် ရစ်ခီ အရိပ်အမြွက်တော့ သိလိုက်၏ ။

သူထင်နေသည့်အတိုင်း ရုတ်ချည်းမှိတ်ကျသွားတဲ့မီးတွေနဲ့အတူ ကောင်လေးဖြစ်သူက ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက်ချလိုက်သည် ။ ကျန်ဝိုင်းတွေရဲ့ အာရုံကလည်း အားလုံး ထိုစုံတွဲဆီမှာ ။ သူများကိစ္စကို ထွေထွေထူးထူး စိတ်မဝင်စားသော်လည်း ခပ်ပျင်းပျင်းရှိသည်နှင့် ရစ်ခီ ထိုင်ကြည့်နေလိုက်သည် ။

" ချိုမြိန်လွန်းတဲ့ မင်းရဲ့ အသံလေးနဲ့
ကိုယ့်အတွက် အိပ်ယာဝင်တေး ဆိုပေးလှည့်ပါ "

ဒီတစ်ခါ လွင့်ပျံလာသောအသံက သီချင်းဖွင့်ထားသည်နှင့် တူမနေတာကြောင့် အသံရှင်ကို လိုက်ရှာမိတော့ ထောင့်ကျကျ ဆုံလည်ခုံမြင့်လေးပေါ်မှာ ဂစ်တာတီးရင်း ဆိုနေသည့် အသံပိုင်ရှင် ။ စုံတွဲရှိနေတဲ့ တစ်နေရာကလွဲလို့ မီးတွေ အားလုံးနီးပါး ခပ်မှိန်မှိန်သာ လင်းနေကြပေမယ့် အဖြူရောင် ဂျာကင်ကြောင့်ရယ်လား မသိ ထိုသူကတော့ ရစ်ခီ့မျက်လုံးထဲမှာ တောက်ပနေခဲ့သည် ။

𝘌𝘵𝘦𝘳𝘯𝘢𝘭 𝘚𝘶𝘯𝘴𝘩𝘪𝘯𝘦 • 𝘚𝘏𝘌𝘕𝘛𝘈𝘌𝘙𝘈𝘌Where stories live. Discover now