[ Prologue ]

386 21 0
                                    

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး
[ Prologue  ]

မူရင်းစာရေးသူ: 이사빛
ဘာသာပြန်စာရေးသူ: Nieve

Rhapsody of Prime
ဒါက ဘာမှသိပ်မထူးခြားတဲ့ သာမန် စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။
ခင်ပွန်းဖြစ်သူဆီက ညှင်းပန်းနှိပ်စက်မှုတွေ ခံစားနေရာမှ ရုတ်တရက် မုဆိုးမဘဝကိုရောက်သွားတဲ့ ဝတ္ထုထဲက ဇာတ်လိုက်မင်းသမီးချက်စ်ချာရဲ့ အဆင့်အတန်းတွေကို ကျော်လွန်ပြီး ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဆင်းရဲနွမ်းပါးတဲ့ဘဝနဲ့ သမီးဖြစ်သူကို ပြုစုပျိုးထောင်နေထိုင်လာရင်း တစ်နေ့မှာတော့ တောထဲမှာ လဲကျနေတဲ့ သူရဲကောင်းကိုတွေ့ပြီး အိမ်ကိုခေါ်သွားကာ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။
ထိုသူရဲကောင်းကတော့ ဝတ္ထုရဲ့ဇာတ်လိုက်မင်းသား ရောဘရစ်အန်းဟီလီယန်ပါပဲ။
ရောဘရစ်က မလွဲဧကန် သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ လှပပြီး နွေးထွေးကြင်နာတတ်တဲ့ အမျိုးသမီးကို ချစ်ခင်စုံမက်မိသွားတယ်။
ဒါပေမဲ့ ရောဘရစ်ဟာ တစ်ကမ္ဘာလုံးက ချစ်ခင်လေးစားကြပြီး ကောင်းမွန်တဲ့စိတ်ထားရှိတဲ့ အင်ပါယာမိသားစုရဲ့ ပထမအဆင့်သူရဲကောင်းတစ်ယောက်ပါ။
ဒါ့အပြင် အိမ်ရှေ့မင်းသားရဲ့ အနီးကပ်လူယုံလည်းဖြစ်တယ်။
သူ့မှာ သတို့သမီးလောင်းရှိနေရခြင်းက ပုံမှန်ပဲဆိုပေမဲ့ အဲ့ဒီအတွက်ကြောင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုနည်းနဲ့မှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့အတွက် သူတို့ရဲ့အချစ်ရေးကို ပိတ်ပင်တားဆီးနေတဲ့အရာတွေက သူတို့ကို မတားဆီးနိုင်ခဲ့ပါဘူး။
အခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ရောဘရစ်နဲ့ ချက်စ်ချာက အဆင့်အတန်းကွာဟလှတဲ့ အချစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
ရောဘရစ်ရဲ့ အရင်သတို့သမီးလောင်းကတော့ အခု ဟီလီယန်မိသားစုရဲ့ ဘုရင်ခံချုပ်ကတော် ချက်စ်ချာကို ကျူးလွန်တဲ့အမှုနဲ့ သူ(မ)တို့မိသားစုရဲ့ ရာထူးစည်းစိမ်တွေ ပိတ်သိမ်းခံလိုက်ရပြီး နယ်စွန်နယ်ဖျားကို နယ်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။
ချက်စ်ချာက သာမန်မုဆိုးမဘဝကနေ ဟီလီယန်မိသားစုရဲ့ ဘုရင်ခံချုပ်ကတော်ဖြစ်လာပြီး အရင်ခင်ပွန်းနဲ့ရခဲ့တဲ့ သမီးကလည်း ဟီလီယန်မိသားစုရဲ့ မင်းသမီးလေးဖြစ်လာပါတယ်။
အဲ့ဒီလိုနဲ့ပဲ ရောဘရစ်က သူရဲ့ဇနီးရယ် ဇနီးကပါလာတဲ့သမီးရယ်နဲ့ အတူတူပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်….။

“ ဒါပေမဲ့ အခုလို အရာအားလုံးပြီးဆုံးသွားမှ ကျွန်မက ဘာလို့ ဒီနေရာမှာ လူဝင်စားပြန်ဖြစ်လာတာလဲ”

လမ်းဘေးမှာ ပေါက်နေတဲ့ အရိုင်းပန်းလေးတွေကို ခူးယူရင်း ရေရွတ်လိုက်မိတယ်။
ဒါကတော့ ဘယ်လိုတွေ ဖြစ်ခဲ့လဲဆိုတာပါပဲ။
ကျွန်မ မွေးဖွားလာပြီး အတိတ်ဘဝက အကြောင်းအရာတွေကို မှတ်မိလာတဲ့အချိန်မှာတော့ ‘ ဟီလီယန်မိသားစုမှ ဘုရင်ခံချုပ်၏ သာယာနာပျော်ဖွယ်ကောင်းတဲ့ဘဝ’ ဆိုတဲ့ ခေါင်းစဥ်နဲ့ အင်ပါမိသားစုရဲ့သတင်းစာမှာ ပုံနှိပ်ထုတ်ဝေထားပြီးပါပြီ။
အင်း၊ ကျွန်မသာစောစောမွေးဖွားလာခဲ့ရင် မူရင်းစာအုပ်ထဲကို သာမန်အရပ်သူတစ်ယောက်အနေနဲ့ ဝင်ရောက်လာဖို့ ဘယ်လိုအရည်အချင်းတွေများ ပိုင်ဆိုင်ထားသင့်သလဲ။
ကျွန်မကို မွေးပြီးပြီးချင်းမှာ မေမေက ဆုံးပါးသွားတာကြောင့် အမေ့ဘက်က အဘိုးက ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ဒါက ရိုးရှင်းတဲ့ ကျေးလက်ဘဝလေးဆိုပေမဲ့ ကျွန်မကတော့ တကယ်ကိုနှစ်သက်မိတယ်။
ကျွန်မရဲ့အဘိုးက ဝတ္ထုထဲက တခြားသူတွေရဲ့အဘိုးတွေလိုမျိုး ချမ်းသာတဲ့ဆွေကြီးမျိုးကြီးထဲက မဟုတ်သလို မင်းမျိုးမင်းနွယ်လည်း မဟုတ်ပြန်ပါဘူး။
ဒါပေမဲ့ တခြားသူတွေနဲ့ယှဥ်ရင်တော့ ကျွန်မကို အများကြီးချစ်ပေးတဲ့အဘိုးပါ။

‘ အဝတ်အစားလှလှလေးတွေ၊ အရုပ်တွေ၊ အရသာရှိတဲ့အစားအစာတွေ အများကြီး သမီးကိုဝယ်ပေးချင်ပေမဲ့ ဖိုးဖိုး စိတ်မကောင်းပါဘူး အီဒစ်'

‘ ဘိုးဘိုးကလည်း မဟုတ်ပါဘူး၊ သမီးအတွက်ကတော့ ဘိုးဘိုးနဲ့နေရတာ အကောင်းဆုံးပဲ'

‘ .....ဘိုးဘိုးလည်း အတူတူပါပဲ သမီးလေးရယ်’

အရိုးသားဆုံးပြောရရင် ကျွန်မက အဲ့ဒါကို ဂရုမစိုက်ပေမဲ့ ဘိုးဘိုးကတော့ မတူဘူးထင်တယ်။
ဒါက သာမန်အလယ်တန်းစားမိသားစုအတွက် လုံလောက်တာထက် ပိုနေပြီမဟုတ်လား။

“ ပြီးသွားပြီ”

ဘိုးဘိုးကို လက်ဆောင်ပေးဖို့လုပ်ထားတဲ့ ပန်းသရဖူလေးကို ကြည့်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်တယ်။
စဥ်းစားရင်းနဲ့ အိမ်နားကိုရောက်လာတဲ့အခါမှာတော့။
ကျွန်မတစ်သက်လုံး တစ်ခါမှမမြင်ဖူးတဲ့ လှပတဲ့မြင်းဖြူကြီးကို အိမ်ရှေ့က မိုးမခပင်နားမှာ တွေ့လိုက်ရတယ်။

“ ဝိုး...”

မြင်းဖြူကြီးကို သေချာကြည့်ပြီး အာမေဋိတ်သံတောင် ထွက်သွားတယ်။
ဒါက ဘယ်သူ့ရဲ့မြင်းပါလိမ့်။
ဆွေကြီးမျိုးကြီးထဲကတစ်ယောက်ယောက် ပိုင်တာ ဖြစ်ရမယ်။
အနားပတ်ဝန်းကျင်ကို လိုက်ကြည့်မိတော့လည်း မြင်းကလွဲပြီး တခြားဘယ်သူမှမရှိဘူး။
ဘာကိုမှ မတွေ့လို့ ခြံစည်းရိုးနားလေး သွားတော့မဲ့အချိန်မှာ။

“ အာ”

ထူးဆန်းတဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။
လှည့်ကြည့်မိလိုက်တော့ ကျွန်မရဲ့မျက်လုံးတွေ ထွက်ကျလုနီးပါး ပြူးကျယ်လာတယ်။
ကျွန်မ သူ့ကို ကြည့်လိုက်တဲ့အချိန်မှာပဲ နွေဦးလေညင်းလေးက တိုက်ခတ်လာပြီး တောက်ပြောင်နေတဲ့ သူ့ရဲ့ငွေရောင်ဆံနွယ်တွေက လေထဲမှာ လူးလွန့်နေတယ်။
အဖြူရောင်မျက်တောင်တွေနဲ့ ဝန်းရံထားတဲ့ အနီရောင်မျက်လုံးတွေက မျက်တောင်မခတ်နိုင်တဲ့အထိ ကျွန်မကို ငေးကြည့်နေတယ်။
မနက်ခင်းနှင်းတွေကြားမှာ ပန်းကလေးလို နူးညံ့လှပတဲ့ အမျိုးသားငယ်လေးက ပေါ်ထွက်လာပြီး သူ(မ)ကို စိုက်ကြည့်နေခဲ့တယ်။
ဝိုး..။
ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
ခဏလေး၊ ဒီလူက စိတ်ကူးယဥ်အချစ်ဇာတ်လမ်းထဲက အမျိုးသားဇာတ်ဆောင်နဲ့ တူနေတာပဲ….။
ဒီလို ချောမောလှတဲ့အမျိုးသားက ကျေးရွာလေးမှာ ဘာလို့ ပေါ်လာရတာလဲ။
ဂေါ့ဖ်ရိုက်ဖို့တော့ မဟုတ်ဘူးမလား။
ဒါကတော့ ရောဘရစ်ပါ။
ပါးစပ်ကို မပိတ်နိုင်ဘဲ အကြည့်တွေကို အောက်ပို့လိုက်တော့ ချက်ချင်းပဲ  ကျွန်မရဲ့အပြုအမူကို တင်းမာသွားစေတယ်။
မြင်းနှစ်ကောင်ပါတဲ့ ရာထူးတံဆိပ်ရယ်၊ ‘ Rhapsody of Prime’ မှာ အမြဲ ပါဝင်သတ်မှတ်ခံထားရတဲ့ Camellia ပန်းတွေကို သူ့ရဲ့ရင်ဘတ်မှာ ချိတ်ဆွဲထားတာကြောင့်ပါပဲ။
ဘာလဲ။
စကားပြောဖို့ မနည်းကြိုးစားနေရတယ်။
ရှင်...ရှင်က တကယ်ပဲ အမျိုးသားဇာတ်ဆောင်လား။
ဘာလို့ ဒီနေရာမှာ ရုတ်တရက်ကြီး ပေါ်လာရတာလဲ။

“ မင်း..”

သူရဲ့စကားသံအတိုင်း မျက်တောင်တွေကလည်း တုန်တုန်ရီရီနဲ့ လှုပ်ခတ်နေပါတယ်။

“ မင်းက မာရီယတ်ရဲ့ သမီးပဲ”

အဲ့ဒီလိုနဲ့ပဲ။
ကြားလိုက်ရတဲ့ နာမည်ကြောင့် ကျွန်မကိုင်ထားတဲ့ ပန်းသရဖူကို လွှတ်ချလိုက်မိတယ်။
....မာရီယတ်လား။
ဘာကြောင့် ပြီးသွားတဲ့ဝတ္ထုထဲက စိတ်ပျက်စရာအဆုံးသတ်ကို ကြုံသွားရတဲ့ ကောက်ကျစ်တဲ့ အမျိုးသမီးရဲ့နာမည်ဖြစ်နေတာလဲ။
.....ပြီးတော့ ဘာလဲ။ သမီးတဲ့လား။
မာရီယတ်ရဲ့သမီးတဲ့လား။
ငါကလား။
...သူပြောလိုက်တဲ့ ပေါက်ကရစကားတွေကို ကျွန်မနားမလည်နိုင်ပါဘူး။
ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေနဲ့ မျက်ခမ်းစပ်တွေ တဖျတ်ဖျတ်လှုပ်ခတ်နေတဲ့ အမျိုးသားဇာတ်ဆောင်က ဆက်ပြောလာတယ်။

“ ပြီးတော့....ငါ့ရဲ့သမီးလည်း ဟုတ်တယ်”

ဘာရယ်။
ပါးစပ်အဟောင်းသား ဖြစ်သွားပြန်တယ်။
မျက်ရည်တွေအပြည့်နဲ့ ဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ ကျွန်မကို ကြည့်လာတယ်။
သူက ကျွန်မအနားကို တိုးလာပြီး တိုးတိုးလေးပြောလာတယ်။

“ နောက်ဆုံးတော့ သမီးကိုရှာတွေ့ခဲ့ပြီ၊ ဖေဖေ့မှာ သမီးရှိနေမှန်း လုံးဝမသိခဲ့ပါဘူး၊ ကလေးရယ် ဖေဖေက သမီးရဲ့အဖေဆိုတာ တကယ်ပါ”

[ ဖြောင်း ]
အဲ့ဒီအချိန်မှာ ကျောက်ခဲတစ်လုံးက ရုတ်တရက်ပေါ်ထွက်လာပြီး ကျွန်မကို ဝမ်းနည်းစွာနဲ့ စကားပြောနေတဲ့ အမျိုးသားဇာတ်ဆောင်ရဲ့ ခေါင်းအနောက်ကို မှန်သွားတယ်။
[ ဖတ်]
ခေါင်းကို ထိခိုက်သွားတဲ့ အမျိုးသားဇာတ်ဆောင်က မူးလဲမလိုဖြစ်ပြီး ညစ်ပတ်နေတဲ့ မြေကြီးပေါ်ကို မျက်နှာနဲ့အပ်ကျသွားတယ်။

“ မင်းရဲ့လက်တွေနဲ့ ဘယ်သူ့ကို လာထိဖို့ စဥ်းစားနေတာလဲ အယုတ်တမာကောင်”

ဟာ ဘိုးဘိုးလား။
အမျိုးသားဇာတ်ဆောင်ကို ကျောက်တုံးနဲ့ရိုက်တာ ဘယ်သူလဲလို့ သိချင်နေတာ ကျွန်မရဲ့ဘိုးဘိုးဖြစ်နေတာပဲ။

“ ငါ့ရဲ့သမီးက မင်းကြောင့်အများကြီးခံစားရပြီးမှ ထွက်သွားခဲ့ရတာကို မင်းလိုကျေးဇူးမသိတတ်တဲ့ကောင်က ငါ့ဆီကို မျက်နှာပြောင်တိုက်ပြီး လာရဲတယ်နော်”

ဘိုးဘိုးရဲ့မျက်နှာက ဒေါသကြောင့် နီမြန်းလာပြီ။

“ အား..”

အခုအထိ မြေကြီးပေါ်မှာ လဲကျနေတဲ့ အမျိုးသားဇာတ်ဆောင်ကို ကျွန်မလှမ်းကြည့်လိုက်တဲ့အခါ အဘိုးက ဒေါသပိုထွက်လာပြီး ခုနကထက်ကြီးတဲ့ ကျောက်တုံးကို ယူလာတယ်။
ဒါကတော့ ကျွန်မ တစ်ခါမှတောင် စိတ်ကူးမယဥ်ဖူးတဲ့ ကျွန်မရဲ့မွေးဖွားခြင်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတဲ့အချိန်ပါပဲ။

Storyglory
Swara Web Novel Translation
















ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး Where stories live. Discover now