လှေကားထစ်တွေကို ခြေ တစ်လှမ်း ၂ ဆင့် ၃ ဆင့်ကျော်တက်ပြီး တတိယထပ် ကော်ရစ်ဒါကို ချိုးဝင်လိုက်တော့ မြင်နေကျ ပုံရိပ်လေးက ရှိမနေပြန်။
ဒါနဲ့ဆို တစ်နေ့တည်းမှာတင် အထက်တန်း ဒုတိယနှစ် တန်းခွဲ A ရှေ့ သုံးခေါက်မြောက် ဖြတ်လျှောက်ရခြင်း ဖြစ်လာမှာမို့ ကိုယ်တိုင်လည်း နည်းနည်း ရှက်ချင်လာပေမဲ့ သူ့မြင်တိုင်း ရှက်သွားတဲ့ နို့ခဲလေး မျက်နှာကို မြင်ချင်နေတဲ့စိတ်က ပိုအလေးသာတော့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းမိပြန်ပါတယ်။
ဆရာ အတန်းဝင်နေတာတော့ ဟုတ်ပုံမရ၊ ဂျောင်ဝူးဟျောင်းက ပြတင်းဘောင်ပေါ် မေးတင်ပြီး ကော်ရစ်ဒါတလျှောက်ကို ငေးလို့။ လူရိပ်တွေ့တာကြောင့် လေပေါစရာတွေ့ပြီထင်ကာ မျက်နှာကြီးဝင်းသွားပုံရပေမဲ့ သူဖြစ်နေမှန်းသိတော့ ချက်ချင်း သူခိုးဖမ်းသလို မျက်လုံးတွေနဲ့ ကြည့်လာပြီး
''ဆောင်းဟန်ဘင်း!!! ဘယ်နှခေါက်ရှိပြီလဲ ဒါနဲ့ဆို''
''အာ ဟျောင်းရယ်...တိုးတိုးပြောပါ''
''အကျယ်ကြီး အော်တော့ ဘာဖြစ်လဲကွ မင်းကများ''
''ရှက်သွားမှာဗျ''
''မင်းလား ရှက်မဲ့ ကောင်''
/ကျွန်တော်မဟုတ်တဲ့ ကျန်းဟာအိုလေးရယ်ပါ ဟျောင်းရဲ့/
သူ အပို မပြော...ပြတင်းပေါက်ဆီ ဝင့်ကြည့်လာတဲ့ မျက်ဝန်းလေးတွေရဲ့ နောက်မှာ နို့ခဲလေးကနေ စတော်ဘယ်ရီလေးအဖြစ် ပြောင်းသွားတာ ချက်ချင်း။
''ကျေးဇူး ဟျောင်း''
''ဘာလဲ ဟ''
''ကျွန်တော် ငြိထွေးနေတဲ့ စတော်ဘယ်ရီခင်းလေးကို ပျိုးပေးလိုက်လို့''
အချစ်ရေးမှာ မြန်မြန် အိုကေစိုပြေချင်ရင် ခြေသွက်လက်သွက်ကလေးလုပ်ရသတဲ့။ သို့သော် တစ်ဖက်သားလေးက ငြိမ်ငြိမ်အေးအေးလေးမို့ သူ့မှာ အကွက်ကို အရှိန်မြင့်မြင့်နဲ့ ခပ်မြန်မြန် မရွှေ့ရဲ။ ဒုတိယထပ်ကနေ တတိယထပ်ရောက်ဖို့ လှေကားတွေကို သုံးလေးဆင့်ကျော်တက်ခဲ့တဲ့ကောင်က အချစ်နဲ့နီးစပ်ဖို့ လှေကားထစ်ကလေးတွေမှာတော့ တဆင့်ပြီးတဆင့် ဖြည်းဖြည်းချင်းပဲ တက်ရလည်း ဖြစ်ပါတယ်၊ အဆုံးသတ်မှာ အပြန်အလှန်ချည်နှောင်မဲ့ ကြိုးကလေးတွေဟာ ဖြည်းဖြည်းချင်း စနစ်တကျ ကျစ်ပါမှ ခိုင်မြဲမယ်လို့ ခံယူထားတယ်။

YOU ARE READING
အချစ်ရက်စွဲများ
Fanfictionကျန်းဟောင့် Top 9 ဝင်ရင် အမှတ်တရတင်မယ်လို့ တွေးပြီး အစပျိုးထားခဲ့တဲ့ fic ပါ။ ဟာအို့ကို နူးနူးညံ့ညံ့ချစ်စရာ တို့ဖူးတုံးလေးအဖြစ် ရေးထားတာပါ။ ဆိုတော့ BinHao xD