မြူနှင်းများ ဖွဲဖွဲကျလျက်ရှိသောဆောင်းရာသီအချိန်...။
နန်းတော်တွင်းရှိ ဆုတောင်းနန်းဆောင်တွင် နုနယ်ငယ်ရွယ်သော မင်းသားလေးတစ်ပါး ဒူးထောက်ကာ ဆုတောင်းစာများထိုင်ရေးနေ၏။
ဘေးနားတွင် မင်သွေးပေးနေသော အထိန်းတော်ပေါက်စလေးကဖြင့် မည်သည်ကို ထောက်ခံနေသည်မသိ ခေါင်းကိုအဆက်မပြတ်ညိတ်နေသည်။" မင်းသားငယ်လေး သံတမန် အမတ် ကျန်းက တွေ့ခွင့်တောင်းပါတယ်"
အထိန်းတော်ကြီး၏အသံကြောင့် မင်သွေးနေသော အထိန်းတော်ငယ်လေး ဆတ်ကနဲခေါင်းထောင်လာသည်။
မင်းသားငယ်လေးက ဆုတောင်းစာကိုအဆုံးသတ်လိုက်ပြီးရေးထားတဲ့သစ်သားပြားလေးကို အထိန်းတော်ငယ်လေးအားပေးလိုက်သည်။ အထိန်းတော်အငယ်လေးက ဆုတောင်းဆောင်၏ဘေးတွင်ရှိသော လျှို့ဝှက်အဆောင်၌ တခြားသစ်သားပြားများနှင့်အတူချိတ်ဆွဲထားလိုက်ပါ၏။"ကောင်းပြီလေ နန်းဆောင်မှာ တွေ့ကြတာပေါ့"
" မင်းသားလေး စားတော်ပွဲရော ပြင်လိုက်ရတော့မလားဟင်"
"အာ အချိန်တောင်လင့် နေပြီပဲ ပြင်လိုက်လေ အထိန်းတော်ကြီး
ဟာအို့အတွက်ပါ ပြင်ပေးလိုက်ပါ"ဒီရက်ပိုင်း ဆုတောင်းနန်းဆောင်မှတဖဝါးမှမခွာသော မင်းသားငယ်လေးအား နန်းဆောင်သို့ဆွဲခေါ်နိုင်သဖြင့် သံတမန်အမတ်ကျန်းကို အထိန်းတော်ကြီးကျေးဇူးတင်မိသည်။
နှစ်စဉ်နှစ်တိုင်း ယခုလို ဆောင်းရာသီကာလရောက်လျှင် ဆုတောင်းနန်းဆောင်မှမခွာတော့သောမင်းသားငယ်လေးကြောင့် အထိန်းတော်ကြီးတင်မက နန်းတော်တစ်ခုလုံး စိတ်ပူရသည်လေ။မင်းသားငယ်လေးသည် တကယ်တော့ အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီး၏သားအရင်းမဟုတ်ပေ။သို့သော် သားအရင်းတမျှချစ်ရသည့်မွေးစားသားလေးဖြစ်သည်။ အရှင်မင်းကြီး အလွန်ချစ်မြတ်နိုးသည့် တဦးတည်းသောညီမလေးနှင့် မိဖုရားခေါင်ကြီး၏ အလွန်နှစ်သက်ရသော မောင်ဝမ်းကွဲတို့မှ ဖွားမြင်သူဖြစ်၏။
မင်းသားလေးငယ်စဉ်တုန်းက မိဘနှစ်ပါးလုံးစံအိမ်မီးလောင်၍သေဆုံးသွားသဖြင့် အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့မှမင်းသားဘွဲ့ပေးကာမွေးစားထားခြင်းဖြစ်သည်။
ငယ်စဉ်အရွယ်ကတည်းက အလွန်အင်မတန်ချစ်ဖို့ကောင်းကာ ကြယ်ပွင့်လေးလိုတလက်လက်တောက်ပသည့် ကလေးဖြစ်သောကြောင့် အေးတိအေးစက် အိမ်ရှေ့စံမင်းသားနှင့် ဆန့်ကျင်စွာပင် နန်းတော်၏ ဆည်းလည်းလေးဟုလည်းနာမည်ကြီးသည်လေ။