ညတုန်းက အိပ်မက်ထဲမှာ မြိုင့်ကိုတွေ့တယ်။ မြိုင်ကတော့သူမရဲ့ အပြုံးချိုချိုလေးတွေနဲ့ပေါ့။ မြင်နေကျပုံစံလေးပါပဲ။ ဆံပင်တွေကို စည်းမထားပဲ ပါးကွက်လေးတွေမပါပဲ ဂါဝန်အပြာလေးကိုဝတ်မထားတာက လွဲရင် မြင်နေကျပါပဲ။
မြိုင်က အဖြူရောင်ဂါဝန်လေးနဲ့လဲ လှလိမ့်မယ်လို့ ဘုရားစူး တစ်ခါမှ မစဉ်းစားဖူးဘူး။ မြိုင်က ငါ့ကို လိမ္မော်သီးတစ်လုံးပေးတယ်တဲ့။ ဒါပါပဲ အရင်ကတော့ သရက်သီးပေးနေကျပဲ။ အခုက သူမတို့ဆီမှာ လိမ္မော်သီးပဲ ရလို့လားမသိ။
မြိုင် ...တောလို့ အဓိပ္ပာယ်ရတယ်တဲ့။ မြိုင်ကပြောပြတာပါ ။ အဲ့တုန်းကတော့ ဂရုမစိုက်မိပါဘူး။ စိတ်လည်းမဝင်စားဘူးလေ။ နောက်ပိုင်းတော့ နားလည်လာတယ်လို့ ထင်တာပါပဲ။
တောဟာ ရှုပ်ထွေးတယ်.... နက်ရှိုင်းတယ်...အင်း ..အန္တရယ်လည်းများတာပါပဲ။
မြိုင်လား ရိုးတယ် ရှင်းတယ် အေးတယ် ဖြူလည်းဖြူစင်တယ်။ သူမကို ဒီလိုပဲမြင်ခဲ့ရတာဆိုတော့ ဒီလိုပဲ ပြောမှာပေါ့။
မြိုင့်ကို နားလည်တယ်လို့ထင်လာလေလေ မြိုင်ဟာ ပိုပြီးတော့ရှုပ်ထွေးလာလေလေ။
မြိုင့်ကိုရှာဖွေလေလေ မြိုင့်မျက်ဝန်းတွေဟာ ပိုပြီးနက်ရှိုင်းလာလေလေ။ အင်း...နောက်ဆုံးတော့ မြိုင်ဟာ အန္တရာယ်တစ်ခုဖြစ်လာတာပဲ...ငါ့အတွက်လား...မဟုတ်ဘူး...သူမကိုယ်တိုင် သူမကို အန္တရာယ်ဖြစ်စေခဲ့တာပဲ...
တကယ်ကနွေဦးကိုရောက်လာရင် အလုပ်ပိုရှုပ်လာတာပဲ။ မမကြီးနဲ့ အငယ်မဆိုရင် ဘယ်လောက်အလုပ်များလိုက်သလဲ။
အင်း...ငါလဲ ဆိုင်လိုက်ကူသင့်တယ်မလား။ အလကားထမင်း စားနေရတာကြာပြီပဲ။ သုံးနှစ်လောက်များ ရှိပြီလား။ ရှိလောက်ရောပေါ့။ အပြင်မထွက်ပဲ အိမ်ထဲမှာနေခဲ့တာရော။
ဒီသုံးနှစ်အစောပိုင်းကာလက အပြင်ကိုထွက်ကိုမထွက်ခဲ့တာ။ ဆောင်းကျွတ်ခါနီးလောက်ကတော့ အငယ်မခေါ်လို့ တစ်ခါ အပြင်ထွက်လိုက်တယ်။
ဆိုင်ကိုသွားရင် မေမေကတော့ ချီးကျူးမှာပဲ။ အင်း...ဖေဖေကတော့ သူကိုယ်တိုင် လိုက်ပို့မယ်လို့ ပြောမှာပဲ။
YOU ARE READING
မြိုင့်အရိပ်
Short Storyကံ့ကော်တွေက နင့်ထက်ပိုပြီး လှတယ်မြိုင်... လိမ္မော်ခွံခြောက်တွေကလဲ သရက်ပွင့်တွေလို မွှေးတာကို နင်မသိဘူးမလား မြိုင်... ကောင်းမွန်စံ အစကတော့ တစ်မိုးအောက်မှာ ရှိနေတယ်ဆိုတဲ့ စိတ်နဲ့ပျော်ခဲ့တာပါ နောက်ပိုင်းမှာ ကျွန်တော် လောဘကြီးလာတယ်ထင်ပါရဲ့ အကိုနဲ့အတူ...