Those eyes part 1

112 6 0
                                    

သေချာပါတယ်။ အဲဒီနေ့က မိုးတွေခပ်ဖွဲဖွဲ ရွာနေခဲ့တာလေ။ ရန်ကုန်မြို့လယ်ခေါင်က နာမည်ကြီးအဆောက်အအုံတစ်ခုရဲ့ တံခါးပေါက်မှာ
အိမ်မပြန်ချင်သေးတဲ့ ကလေးမတစ်ယောက်ဟာ
ဘယ်သွားရကောင်းမလဲစဉ်းစားနေလေရဲ့။

အဲဒီအချိန်မှာပဲ လှေကားထစ်တွေပေါ်ကို ခပ်ဖြည်းဖြည်းချင်းတက်လာတဲ့ အစိမ်းရင့်ရောင်
ပိုးသားရှပ်လက်ရှည်နဲ့ အမျိုးသမီးတစ်ယောက်။
အဲဒီအမျိုးသမီးရဲ့ မျက်ဝန်းနက်နက်တွေကို
သတိထားမိလိုက်တယ်။
အဲဒီမျက်ဝန်းတွေပေါ့။
ရုန်းထွက်မရနိုင်ချင်စရာ မျက်ဝန်းတွေ။
အမှန်အတိုင်းပြောရရင် သူစိမ်းတစ်ယောက်နဲ့ အချိန်အကြာကြီးမျက်လုံးချင်းဆုံးမိတာဟာ
ဒါပထမဆုံးအကြိမ် ဖြစ်မယ်နဲ့တူတယ်။

အဝေးကနေကြည့်လိုက်မိတော့ အစိမ်းရင့်ရောင်
ဘလောက်စ်တစ်ထည်နဲ့ အနက်ရောင်ထမီတစ်ထည်ကို တွဲဖက်ဝတ်ထားတယ်လို့ ထင်လိုက်မိပေမယ့်
အနီးအနားရောက်မှ ပေါင်လယ်လောက်အထိ ခွဲထားတဲ့
အနက်ရောင် maxi skirt ဖြစ်နေတာကို
သိလိုက်ရတယ်။

မျက်လုံးအိမ်အညိုရောင်၊ နှာတံမြင့်မြင့်နဲ့ အရပ်လည်းရှည်ဟန်ရှိတဲ့ အဲဒီမိန်းမဟာ မြန်မာလူမျိုးစစ်စစ်တော့ဖြင့် ဟုတ်ဟန်မတူပြန်ဘူး။

အဲဒီအမျိုးသမီးကလည်း ကျွန်မဆီက မျက်စိမလွှဲသေးဘဲ သေချာကြည့်နေခဲ့တယ်။
အပေါ်က ခဲရောင် hoodie၊ အနက်ရောင် sweatpants နဲ့ မိုးရေစိုနေတဲ့ converse တစ်ရံသာ စီးထားတဲ့ ကျွန်မဟာ ဘာများကြည့်စရာရှိနေလို့လဲ။

"မင်းဖိနပ်တွေ ရေစိုကုန်ပြီ ကလေး"
အဲဒီမိန်းမဟာ မြန်မာလူမျိုးစစ်စစ်မဟုတ်ကြောင်း
ပြောတဲ့လေသံအရ ပိုသေချာသွားတယ်။
ရိုးရိုးသားသားစကားတစ်ခွန်းပေမယ့် ကျွန်မနား နားကိုကပ်ပြီး လေသံလေးနဲ့ပြောလိုက်တဲ့ အဲဒီအမျိုးသမီးကြောင့် တစ်ကိုယ်လုံးကြက်သီးထမိသွားရတယ်။

"ရှင် ကျွန်မကို ကလေးလို့ခေါ်လိုက်တာလား"

"မြန်မာစကားမှာဆို မိမိထက်ငယ်တဲ့သူကို ကလေးလို့ခေါ်လို့ရတယ် မဟုတ်ပြီလား"
အဲဒီအမျိုးသမီးဆက်ပြောတဲ့စကားကြောင့် ကျွန်မမှာ ရုတ်တရက်ရယ်ချင်သွားရတယ်။
ဒါပေမဲ့ လှောင်ရယ်လိုစိတ်တော့ မရှိပါဘဲ မြန်မာစကားကို ကြိုးစားပြီးအတိုင်းအတာတစ်ခုအထိ ကောင်းကောင်းပြောနိုင်တဲ့ နိုင်ငံခြားသူတစ်ယောက်ကို အထင်ကြီးလေးစားမိရုံသာပါဘဲ။

ပန်းနုရောင် မှတ်ဉာဏ်များသို့✨Where stories live. Discover now