Our Last Summer

264 11 0
                                    

ကျွန်မ မေ့ကိုသိပ်မုန်းမိတယ်။
ဘာလို့များ၊ ဘာလို့များ အခုချိန်ကျမှ ကျွန်မဘဝထဲပေါ်လာပြီး ဘာဝင်လုပ်ဦးမလို့လဲကွယ်။
ဟိုအရင်တုန်းကလို ကျွန်မကို သူ့အနားမှာဝဲနေတဲ့ လိပ်ပြာလေးတစ်ကောင်အဖြစ်ပြန်ပြီး ချုပ်နှောင်ထားချင်တာများလား။

မေဟာ မသိချင်ယောင်ဆောင်ပြီး လေသံချိုချိုနဲ့
ကျွန်မကို စကားတွေ ဖောင်ဖွဲ့ပြောတယ်။
မသိရင် ကျွန်မတို့နှစ်ယောက်က မဝေးခဲ့ကြတဲ့အတိုင်း။
ဒီကြားထဲကနှစ်တွေက သူ့အလိုလိုပျောက်သွားခဲ့တဲ့ အတိုင်း။

နောက်ပြီးနေခဲ့တဲ့ အရပ်ဒေသကြောင့်ပဲလားမသိ၊
မေ့ရဲ့ လေယူလေသိမ်းဟာ အရင်ကနဲ့ အနည်းငယ်ကွဲနေတာကို ကျွန်မသတိထားမိတယ်။
ဘာလို့များ လွန်ခဲ့တဲ့နှစ်တွေက မေ့ရဲ့မပြောင်းလဲသေးတဲ့ အသံချိုချိုလေးကို ကျွန်မလွမ်းမိရတာပါလိမ့်။

"နောက်လကျရန်ကုန်ရောက်ရင် လာခဲ့မယ်လေ၊
မတွေ့ရတာလည်း ကြာပြီဆိုတော့က"

ဘာလို့များ အဲဒီစကားလုံးတွေကို မေက
သက်တောင့်သက်သာပြောနိုင်တာပါလိမ့်။

"အင်းလေ၊ ကော်ဖီဆိုင်တစ်ခုခုမှာတွေ့ကြတာပေါ့"

"ဘယ်လို ကော်ဖီဆိုင် ဟုတ်လား
မေ့ကိုကော်ဖီဆိုင်ထိ လိုက်ပြီး ဧည့်ခံစရာလိုလို့လား ယွန်းရယ်"

"ဒါဆို ဘယ်လို"
"နင်တို့အိမ်ကိုပဲ လာလည်လိုက်မယ်လေ
မတွေ့ရတာကြာတော့ အန်တီကိုလည်း နှုတ်ဆက်ရင်းနဲ့"

ဒီလိုပါပဲ၊ အရင်တုန်းကလိုပဲ မေက ဆုံးဖြတ်ချက်တွေကို တစ်ယောက်တည်းချတတ်တုန်း။

"အန်တီ့ကိုလည်း ငါသတိရတယ်လို့ပြောပေးပါနော်"

သြော် မေမေ့ကို သတိရတယ်ဆိုတဲ့မေဟာ ကျွန်မကိုရော သတိတရရှိခဲ့ရယ်လား သိချင်မိပြန်ရော...

မေနဲ့ ဖုန်းပြောပြီးကတည်းက စိတ်တွေက ပျံ့လွင့်နေလိုက်တာ၊
မေမေလာခေါ်မှ ထမင်းစားဖို့သတိရတဲ့အထိပဲ။

လွန့်ခဲ့တဲ့ နှစ်နှစ်၊
မဟုတ်ဘူး၊ တိတိကျကျပြောရရင် မေ့ကိုစတွေ့ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်က နွေဦးလှလှတစ်ခုမှာ။

ပန်းနုရောင် မှတ်ဉာဏ်များသို့✨Where stories live. Discover now