အပိုင်း (၂)

82 7 0
                                    


တီ...တီ...တီ...တီ...

သူငယ်အိမ်ပေါ်ကို မျက်ခွံလေးအုပ်သွားတာကဖြင့် ၅မိနစ်လောက်ပဲရှိသေးတယ်လို့ထင်ရပေမယ့် အစွန်းနှစ်ဘက်နဲ့သောကြာနေ့က ကလန်ဒါကျအတိုင်း သွေးအေးအေးနဲ့လှုပ်နှိုးနေပြီ။ အမှောင်ကျနေဆဲအခန်းငယ်ထဲ လေးထောင့်ကွက်တစ်ကွက်စာလေးကွက်လင်းသွားတဲ့ဖုန်းမျက်နှာပြင်ကိုလှမ်းကြည့်လိုက်တော့ ၄နာရီအတိ။ သောကြာနေ့တွေရဲ့ထုံးစံအတိုင်း ညဘက်မှာမစံရသေးခင် နေ့ဘက်ကိုအပြီအပြင်ရုန်းဖို့ ကုန်းထရဦးမည်။ သာမန်တက္ကသိုလ်ကျောင်းသားတွေရဲ့အတန်းချိန်တွေက ၈နာရီလောက်မှစတတ်ပေမယ့် အခွင့်ထူးခံလို့ပြောပြောနေကြတဲ့ အားကစားသမားတွေရဲ့လေ့ကျင့်ချိန်က မနက်၅နာရီ။ တကယ်ဆို ၅နာရီဆိုတဲ့အချိန်က ကန်းပတ်စ်ထဲကလိမ္မော်ရောင်ခေါင်းနဲ့အမေရိကန်ရော်ဘင်ငှက်လေးတွေတောင်နိုးကြသေးတာမဟုတ်။

မျက်နှာချင်းဆိုင်ကုတင်ပေါ်ကဟိုင်ရိုးကတော့ စောင်ပုံထဲမှာမြုပ်နေတုန်း။ ရိုင်းမ်ရော ဟိုင်ရိုးပါမေဂျာနှစ်ခုယူထားတာချင်းတူပေမယ့် နံရံပေါ်ကဟိုင်ရိုးအချိန်စာရင်းအရ သောကြာနေ့အတွက်တစ်နေကုန်လုံးနေမှအတန်းချိန်ကတစ်ချိန်တည်းရှိသည်။ ရှိတဲ့အတန်းကလည်း နေ့လည်ဘက်မှစမယ့် မိုင်နာတန်း။ တစ်ဖက်နံရံပေါ်က ရိုင်းမ်အချိန်စာရင်းကတော့ အယ်လ်အေကနေ ဆန်ဒီရေဂိုကိုသွားမယ့်ရထားတွဲကြီးအလား။ တူညီတဲ့အခန်းထဲကနေအိမ်ရာထပြီး တူညီတဲ့သောကြာနေ့ကိုပဲဖြတ်သန်းရမှာဖြစ်ပေမယ့် ရိုင်းမ်သောကြာနေ့ကပဲပိုရှည်လျားနေသလို။

ထုံးစံအတိုင်း မျက်နှာမသစ်ခင်အရင်ဆုံးလုပ်နေကျအလုပ်က ပရိုတင်းရှိတ်ဖျော်တာပဲဖြစ်သည်။ ဟိုက်စကူးမှာဘောလုံးအသင်းထဲစဝင်ကတည်းက မနက်တိုင်းမားမ်ဖျော်ပေးတဲ့ပရိုတင်းရှိတ်တစ်ခွက်သောက်ပြီးမှကျောင်းသွားနေကျ။ UCLAရောက်တော့မှ ကိုယ်တိုင်ဖျော်သောက်နေရသည်။ ကြိတ်စက်ထဲကို ငှက်ပျောသီးတစ်လုံး၊ မြေပဲထောပတ်တစ်ဇွန်းနဲ့ ပရိုတင်းမှုန့်နှစ်ဇွန်းထည့်​ပြီး အဆင်ပြေတဲ့နို့တစ်မျိုးမျိုးရောထည့်လိုက်ရုံနဲ့ ရိုးရှင်းလွယ်ကူတဲ့အားဖြည့်စာတစ်ခွက်ကို အချိန်တိုတိုအတွင်းမှာဖန်တီးယူလို့ရသည်။ မားမ်ဖျော်ပေးသလို ဘယ်ရီသီးတွေ၊ ယောဂတ်တွေ၊ အုတ်ဂျုံတွေနဲ့ ပါဝင်ပစ္စည်းစုံစုံလင်လင်တော့မဟုတ်။ ဒါ​ပေမယ့် အရသာကတော့မဆိုးရွား။ သောက်လို့ဖြစ်သည်။ ခါတိုင်းလိုဆို ဒီ ၁:၁:၂ အချိုးအစားအတိုင်းအဆင်ပြေပေမယ့် ဒီနေ့ကတော့ပါဝင်ပစ္စည်းတိုင်းကိုနှစ်နဲ့မြှောက်ထည့်​ရမည်။ ညကဟိုင်ရိုအဲဗရက်စ်သိပ်မကြည်ဘူးမလား။ စက်ထဲကအစိုင်အခဲတွေ အရည်အဖြစ်ပြောင်းသွားတာနဲ့ တစ်ခွက်ကိုအလုံပိတ်ဘူးထဲထည့်၊ စက်ထဲကျန်နေတာတွေကိုအကုန်မော့လိုက်ပြီး အခန်းထောင့်ကအဝတ်ညစ်ခြင်းထဲ ဒက်တားဂျန့်ဘူးကောက်ထည့်လိုက်ကာ ဘောင်းဘီအိတ်ကပ်ကိုတစ်ချက်စမ်းကြည့်လိုက်ပြီး သေချာပြီဆိုမှ မြေညီထပ်ဆီသို့။

MAKE IT LEGALDonde viven las historias. Descúbrelo ahora