ဟန်ဘင်း pad ကိုပင် အလန့်တကြား လွှတ်ချလိုက်မိတယ်။ ဒါဆို မက်သရူးက သူ့ကို ချစ်လို့ ရှောင်နေခဲ့တာလား။ မက်သရူးရှောင်နေလို့ လေးနေတဲ့ စိတ် လေအဝှေ့မှာ လွင့်နေတဲ့ ဝါဂွမ်းလို ပေါ့ပါးရကာ ဟန်ဘင်ရင်ထဲမှာ အမျိုးအမည်မခွဲခြားတတ်တဲ့ ခံစားမှု့ကြောင့်ဘတသိမ့်သိမ့်ကြည်နူးရတုန်းမှာ အသိတစ်ချက်က တကယ့်လက်တွေ့ဘ၀ကို ဆွဲခေါ်လိုက်တယ်။
ခဏလေး နေပါဦး။ မက်သရူးတို့မှာ ရှယ်ယာ 12%တဲ့လား။ သူ့မှာတောင် မေမေ့ရှယ်ယာရောပေါင်းမှ 15%ပဲရှိတာကို။ ဟန်ဘင်း တုန်လှုပ်မိတယ်။ တကယ်ဆို အစစအရာရာ plan ချထားတယ်ဆိုပြီး သူ့ဘက်က မပေါ့သင့်။ ရန်သူကို လျော့မတွက်သင့်။ အချိန်ခဏလေးအတွင်းမှာ ရသွားတဲ့ ပိုင်ဆိုင်မှု့တွေက နည်းနည်းနှောနှော သေးသေးကွေးကွေး မဟုတ်။ ဘယ်အချိန်ထိ တွေဝေနေမှာလဲ ဆောင်းဟန်ဘင်း။ မတွေဝေဘူးဆိုမှ မျက်လုံးထဲ ဆော့မက်သရူးရဲ့ အပြစ်ကင်းတဲ့ ပြုံးဟန်လေးပေါလာတာမို့ ဟန်ဘင်း ခေါင်းကို လက်နှင့် ခပ်ကြမ်းကြမ်းဖွရင်း ခေါင်းရမ်းကာ ဆော့မက်သရူးကို အတွေးထဲက မနည်းမောင်းထုတ်လိုက်ရတယ်။
လွတ်ကျသွားတဲ့ pad ကို ယူကြည့်တော့ အခန်းထဲမှာ ဆော့မက်သရူးက ရှိမနေတော့။ ဟန်ဘင်း စခရင်ကို လက်နဲ့ ခပ်မြန်မြန်ရွေ့ရင်း အတွေးထဲမှာ
"ကျွန်တော်က စိတ်ညစ်တဲ့အခါ က လိုက်ရင် ပျောက်သွားတာမျိုးလေ ဟျောင်း" ဆိုတဲ့ စကားကြောင့် အကခန်းဘက်ကို ကြည့်တော့လည်း ဆော့မက်သရူးရဲ့ အရိပ်အရောင်ကိုမျှ မတွေ့ရ။ ဟန်ဘင်း ယောက်ယက်ခတ်ကာ သွားကြည့်မိတော့ ရေကူးကန်ရဲ့ အမြင့်ဒိုက်ထိုးခုံမှာ ထိုင်နေတဲ့ ဆော့မက်သရူးက သေးသေးလေး။
"စိတ်တွေ အရမ်းဖိစီးလာပြီဆိုရင် ကျွန်တော်က အမြင့်ကနေ ရေဒိုက်ထိုးတာလေ ဟျောင်းရဲ့ " ဆိုတဲ့ စကားကိုကြားမိတော့
"မင်းမှာလည်း Stress တွေ အပြည့်ပါ့လား ဆော့မက်သရူးရယ်" ဆိုပြီး သနားမိကာမှ
"မင်းကိုမင်း အရင်သနားစမ်းပါ ဆောင်ဟန်ဘင်း။ မေမေက သူ့မားမားကြောင့်သေတာနော်" ဆိုတဲ့ အတွေး ၀င်လာတော့ "ငါက ငါ့ပလန်ကို မပြောင်းမှာမို့ မဆိုင်ဘဲ ကျွန်တော်က နစ်နာရတာလားလို့ တွေးတဲ့အခါ မင်းက ငါ့ကို မုန်းလို့ရတယ် ဆော့မက်သရူး။ ငါလည်း ဘယ်တော့မှ မတောင်းပန်မှာမို့" ဟန်ဘင်း ရေကူး၀တ်စုံကို လဲပြီး ရေကူးကန်ဘက် ထွက်ခဲ့လိုက်တယ်။