KOKOPHILE - 2
" အင်းမ်... အကြိုက်တွေက မပြောင်းသေးဘူးပဲ"
ဝင်ဝင်ချင်းမြင်လိုက်ရသည့် အတွင်းပိုင်းအပြင်အဆင်ကို ဝေ့ကြည့်လိုက်ရုံနှင့် သူသိခဲ့ဖူးသည့် ကိုကိုက အရင်အတိုင်း မပြောင်းမလဲရှိနေကြောင်း သက်သေအခိုင်အမာရသွားပြီဖြစ်သည်။
မိုးတိမ်လေးတွေ ခပ်စိပ်စိပ်ဝဲနေဟန် အဖြူနှင့် အပြာနုကို ရောယှက်ကာ ဆေးခြယ်ထားသည့် မျက်နှာကျက်က ဆယ်ဟွန်းအေပါ် အမြဲနူးညံ့နေတတ်သည့် ကိုကို့အပြုံးလေးတွေကို မြင်ယောင်စေသည်။ ပရိဘောဂ များများစားစား သိပ်ရှိမေနသည့် ဧည့်ခန်းက ကိုကို့ရဲ့ ရိုးရှင်းမှုကို ထင်ဟပ်စေသည်။ ဧည့်ခန်း၏ ညာဘက်ထောင့်နားက ကျွန်းစာအုပ်စင်လေးထက်မှာလည်း ပါမောက္ခပီပီ စာအုပ်ထူထူကြီးတွေက အစီအရီ နေရာယူထားကြသည်။ ကိုကိုဟာ အမြဲသေသပ်စွာ နေတတ်ပြီး စည်းကမ်းကြီးသည့် တက္ကသိုလ်ပါမောက္ခတစ်ယောက်ဆိုသည်မှာ သံသယဝင်စရာ အလျဥ်းမရှိပေ။
ထို့နောက် ခဲရောင်ဖျော့ဖျော့နံရံပေါ်မှာ အခန့်သားနေရာယူထားသည်က ကိုကိုသိပ်ကြိုက်သည့် ပန်းချီဆရာတစ်ဦး၏ ဂန္ဓဝင်ပန်းချီလက်ရာလေးတစ်ခုဖြစ်မည်။ ကိုကို့အိပ်ခန်းကိုတော့ ဆယ်ဟွန်းဝင်မကြည့်ရဲသေး။ ေမျှာ်လင့်တာတွေ အရမ်းများရင် ဆုံးရှုံးရတာတွေလည်း အရမ်းများတတ်သည့် သဘာဝကို ဆယ်ဟွန်းက အသိဆုံးပဲမို့ ကိုကိုပြန်ရောက်လာမယ့်အချိန်အထိ ဧည့်သည်နဲ့ အသင့်တော်ဆုံးဖြစ်မည့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာသာ ထိုင်နေရန်ဆုံးဖြတ်လိုက်သည်။
ဒါနဲ့ တစ်ခုပြောဖို့ ကျန်ခဲ့တာက ဆယ်ဟွန်း အခု ကိုကို့ကို တွေ့ရဖို့ အရမ်းရင်ခုန်နေတယ်ဆိုတာပါပဲ><
Ting...
အိမ်ရှေ့က လျှို့ဝှက်နံပါတ်ကို အတည်ပြုသည့် အချက်ပြသံပေါ်လာသည်နှင့်တစ်ပြိုင်နက် လျော့ရဲရဲဖြစ်နေသည့် ခါးက မတ်သွားရသည်။ သို့သော် ပုံမှန်အတိုင်း ဟန်မပျက် ဖုန်းကိုသာ ဆက်ကြည့်နေလိုက်သည်။ သူ ကိုကို့ကို စိတ်ဆိုးနေသေးတာမို့။
" ဟွန်းငယ်..."
ဒီအသံ။ သူ့အိပ်မက်တွေထဲထိ လာလာခေါ်နေတတ်တဲ့ အသံ။ အိပ်မပျော်တဲ့ညတွေမှာလည်း သူ့ကို ခြောက််လှန့်နေတတ်တဲ့ ပျားရည်ချိုချိုလိုမျိုး ဒီအသံ။ သေချာပေါက် ဒီအသံက သူ့ရင်ထဲမှာ အကြိမ်ကြိမ်ပဲ့တင်ထပ်နေခဲ့တဲ့ ကိုကို့အသံ။