🌿 အခန်း ... ၂ 🌿

205 10 8
                                    

Unicode

"ချစ်၍ ခေါ်မယ် လိုက်တော်မူလှည့်
မပြောင်းလဲနဲ့ကွယ်
မောင် တို့ဆီ မြို့ကြီး ရပ်ကြီးမို့
စည်းကားလွန်းလှတယ်
ဖေဖေ ချစ်ရ ပါစေမယ်
မေမေ ချစ်ရ ပါစေမယ်
ပျော်မယ် ပါးမယ်
လိုရာ ရမယ် လေးနက်လို့ရယ်
မောင်တို့ ဌာနီ လိုက်ခဲ့ပါကွယ်"

မှန်ရှေ့တွင် ခေါင်းလိမ်းဆီလေးအား လက်ဝါးထဲ ထည့်၍ သီချင်းလေးနှင့် ညဥ်းနေမိသည်။ ညာလက်ဖဝါးပြင်ပေါ်က ခေါင်းလိမ်းဆီများကို  ဘယ်လက်ဖဝါးဖြင့်ပါ နှစ်ဖက်ပွတ်လိုက်လေသည်။ ပွတ်ပြီးသောအခါတွင် ခေါင်းသို့ လိမ်းလိုက်လေသည်။ နှုတ်ခမ်းစွန်းတို့ကို ကော့တတ်အောင် ပြုံးလိုက်ပြီး လျာလေးနှင့် အတူတူ နေနိုင်ဖို့ကို ကြိုတွေးနေမိသည်။

သားသားမီးမီးလေးတွေ မရလည်း မောင်က လျာလေးကိုပဲ အစွမ်းကို ချစ်ပေးမှာမို့ . . .

နှောင်ကြိုးလေးတွေ မရှိတော့လည်း ဘာဖြစ်သလဲ၊ လျာလေးနဲ့ပဲ အချိန်ကုန်ရတာပေါ့ . . .

မှန်ရှေ့တွင် ပြင်ဆင်နေသော ဆန္ဒမောင်မှာ
ကိုယ့်အတွေးနှင့်ကိုယ် ကြိတ်ပျော်နေသည်။ ညာဘက်လက်ဖြင့် အင်္ကျီလက်ရှည်အဖြူအား ယူလိုက်၍ သေချာစွာ ဝတ်လိုက်လေသည်။ ကြယ်လေးဖြူဖြူလေးတွေကို သူ့အပေါက်နှင့်သူ တပ်၍ ပြီးလေတော့ ပြီးပြည့်စုံစွာဖြင့် ချောမောသွားပေတော့သည်။

ပိုးပုဆိုး ခရမ်းရောင်၊ လက်ရှည်အင်္ကျီ အဖြူတို့ဖြင့် ပနံရနေပုံကို လျာလေးသာ မြင်လျှင် သိပ်ကို သဘောကျပေလိမ့်မည်။ ပြုံးစစ မျက်နှာထားတို့မှာ သကာရည်လောင်းထားသည်ထက်ပင် ချိုနေပေလိမ့်မည်။

ရာသီဥတု ကြည်လင်နေသည်မှာ အဆန်းတကြယ် မဟုတ်တော့ပေ။ လျာလေး၏ "ချစ်ပါတယ်မောင့်ကို" ဟူသော စကားများကို ကြားရတုန်းကဆိုလျှင် ဒီ့ထက်ပင် ပျော်သေးသည်။ မိမိမှာ အခုတလော လုပ်ငန်းကိစ္စကြောင့် လျာလေးကို ပစ်ထားသလို ဖြစ်နေမိသည်။ နဂိုတုန်းကတည်းက စကားနည်းသော လျာလေးမှာ ယခုကိစ္စကြောင့် ပို၍ စကားနည်းနေသည်။

ထို့အတွက်ကြောင့် ယနေ့တော့ သေသေချာချာလေးကို ချော့မှ ရမည် ဖြစ်သည်။

~ မောင်သွားရာ ~Where stories live. Discover now