🌿 အခန်း ... ၅ 🌿

165 7 0
                                    

Unicode

" မြူဆွေး "

လှထွဋ်ဦးသည် မြူဆွေးလျာတို့ အိမ်၏ ခြံပေါက်ကနေ အသံပြုလိုက်ခြင်း ဖြစ်သည်။ လက်ထဲတွင်လည်း ခရေပန်းကုံး ရှိပြီး ပခုံးတစ်ဖက်တွင် ပိန္နဲသီး တစ်လုံးကို ထမ်းလာသည်။ ပိန္နဲသီးရဲ့ အညှာအခြေတွင် အဖြူရောင် အစေးများကလည်း ကျန်ရှိနေသည်။

မှည့်ခါစ ပိန္နဲသီးမှာ ရနံ့များက တလှိုင်လှိုင်ဖြင့်ပင်။ ရနံ့များ မွှေးကြိုင်လှသော ပိန္နဲသီးမှာ ခူးထားသည်က ကြာသေးပုံ မပေါ်။

" မြူဆွေး "

ထပ်ပြီး အသံပြုလိုက်လေတော့သည်။ ထိုအခါ မီးဖိုချောင်မှ ထွက်လာသော ဒေါ်ဆွေးမေ မှာ လှထွဋ်ဦး အား ကြည့်လာပေသည်။ ထို့နောက် ဒေါ်ဆွေးမေ က အိမ်ပေါက်တွင် ရပ်နေရှာသော လှထွဋ်ဦး အား အိမ်အတွင်းသို့ လာစေရန် ပြောလိုက်သည်။

" မောင်ထွဋ် ပါလား လာလေ အိမ်ထဲ "

" ဟုတ်ကဲ့ ဒေါ်လေး "

လှထွဋ်ဦး လည်း ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲက ပိန္နဲသီးအား တန်းလျားလေးပေါ် တင်လိုက်လေသည်။ ထို့နောက် မိမိ၏ မျက်လုံးတွေအား ဟိုဟိုဒီဒီ ဝေ့ဝဲကာ မြူဆွေးလျာ အား ရှာနေမိသည်။

မြူဆွေးလျာကို ရှာနေသည်ဟု သိရှိနေသော ဒေါ်ဆွေးမေ မှာ မိမိသားအပေါ် ထားရှိသော ထိုကောင်လေး၏ အတိမ်အနက်ကို မြင်မိပါသည်။ ရုပ်ရည် အရည်အချင်းကလည်း ပြောစရာ မရှိလောက်အောင်ပင် ခန့်ညားနေပေသည်။ ရွာသူကြီး သားဖြစ်သောကြောင့်လည်း ပို၍ သမက်တော်ချင်ပြန်သည်။

သို့ပါသော်လည်း မိမိ၏ သားဖြစ်သူသာ လက်ခံပါလျှင် ထိုပွဲဟာ ပြီးချေပြီ။ သားဖြစ်သူ ခပ်နုံနုံ ခပ်အအ ဖြစ်နေသည်ကို စိတ်မရှည်ပေ။    သူကြီးတို့မှာလည်း ဘာမျှ မပြောလေသောကြောင့် ပို၍ပင် သဘောတူမိသည်။

မယ်မယ်ရရ အလုပ်မရှိသည့် ဆန္ဒမောင်နှင့် မဖြစ်စေချင်ပါ။ အမြဲတမ်း တစ်ပူးပူးတစ်တွဲတွဲ ရှိနေ၍ သူမ အနေနှင့် မနှစ်မြို့။ သို့သော်
ထွေးဝေကို အစ်အောက် မေးချက်အရ သူငယ်ချင်း တွေပါဟု မလိမ်မညာစတမ်း ဖြေကြားသည်ကို ကြားရပြန်သည်။ ထို့အတွက်ကြောင့်လည်း စိတ်အေးရပါသည်။

~ မောင်သွားရာ ~Where stories live. Discover now