🌿 အခန်း ... ၄ 🌿

182 12 4
                                    

Unicode

လမ်းတစ်လျှောက် ဒေါသတို့ဖြင့် လျှောက်လာမိသည်။ အလျင်လို အရနှေး ဆိုသလို ရွာ့တောင်ပိုင်းက သူကြီးအိမ်ကိုရောက်ရန်အတွက် အတော့်ကို ကြာနေပေသည်။ ထိန်းချုပ်ရ ခက်သော ဒေါသတို့မှာလည်း တရိပ်ရိပ်ဖြင့် တတ်လာပေသည်။

အရင်တစ်ခါတွေ့ဖြစ်တုန်းကတည်းက သူကြီးသား ပြန်လာရင် သူကြီးတို့အိမ် မသွားဖို့ အတန်တန် မှာထားခဲ့လေသည်။ ထိုသို့အတန်တန်မှာထားသည့် ကြားက သွားသည်မို့ ပို၍ စိတ်တိုရသည်။ အရာရာကို နားလည်ပေးနိုင်သော်ငြား ထိုသို့ ပြုလုပ်သည်ကိုတော့ နားလည်မပေးနိုင်ပေ။

ယောက်ယက်ခက်လှသော စိတ်အစုံမှာ ဒေါသတွေကိုသာ ဦးတည်နေပြန်သည်။ တနုံ့နုံ့ထွက်လာသော ဒေါသတို့ကြောင့် ဦးတည်ရာတွေက လှထွဋ်ဦး အပေါ်ကိုသာ ပုံချလိုက်သည်။ ချစ်သူရည်းစား ရှိနေသည်ကို သိသိရက်နဲ့ အတင်းကပ်နေသည်မှာ စိတ်တိုစရာ ကောင်းသည်။

အိမ်ထောင်သည် မှ မဟုတ်တာဟု ပြန်ပြောလာလျှင် ပြောသည့်ပါးစပ်ကို ဝါးရင်းတုတ်ဖြင့်သာ ကျုံးရိုက်ချင်တော့သည်။ ဒါတောင် မိမိမျက်စိရှေ့မှာ မဟုတ်။ မိမိမျက်စိရှေ့မှာသာ ဖြစ်ပျက်လာလျှင်တော့ ဆွဲထိုးဖို့ ဝန်မလေးပေ။ မိမိ၏ ချစ်သူကို ယုံကြည်သော်လည်း တစ်ဖက်လူကို မယုံကြည်သည်ထက်ကို ပိုသည်။

လျှောက်လှမ်းလာသော ခြေလှမ်းတွေမှာ ရွာ့တောင်ပိုင်းသို့ ရောက်လာချေပြီ။ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းတွေမှာ စိုးရိမ်ကြောင့်ကြစိတ်တို့ အပြည့်ပင်။

" ဟျောင့် ဆန္ဒမောင် ငါ့ကောင်ကြီး ဘယ်လဲ? "

ကြက်ပိုက်ထားသော သူငယ်ချင်းဖြစ်သူ
ငတိုး၏ အမေးစကား ဖြစ်လေသည်။ တိုက်ကြက်ဖ ကြီး တစ်ကောင်ကို ပွေ့ပိုက်ထားသည်မှာ ရွာ့မြောက်ပိုင်းက မန်းကျည်းပင်အောက်သို့ ကြက်တိုက်သွားဖို့ ထင်သည်။

ဆန္ဒမောင် ကုန်ရောင်းကုန်ဝယ်က ပြန်လာလျှင်တော့ အားသည့်အခါမျိုးဆိုလျှင် ငတိုးနှင့် ကြက်တိုက်လိုက်တတ်သည်။ လျာလေးနှင့် ချစ်သူ ဖြစ်ပြီးနောက်ပိုင်း ကြက်တိုက် မလိုက်ဖြစ်သည်မှာ အတော် ကြာလေပြီ။

~ မောင်သွားရာ ~Where stories live. Discover now