အခန်း ၄
သီတင်းကျွတ် အချိန်အခါသမယ သို့ ရောက်ရှိခဲ့လေပြီ။ဘုရားရှင်အား ရည်ညွှန်းကပ်လှူကြသော ဆီမီးရောင် လက်လက်လေးများကို နေရာတိုင်းမြင်တွေ့နေရသည်။ဝါကျွတ်ကာလမို့ လူကြီးမိဘဆရာသမားများကို ဂါရဝပြုကြချိန်ဖြစ်သည်။ချစ်စရာ မြန်မာဓလေ့ရိုးရာပွဲကို ပျော်ရွှင်စွာ ဖြတ်သန်းကြချိန် ဖြစ်ပါသည်။
ပန်းနုလွှာ တို့ သူငယ်ချင်းတစ်စုလည်း ပန်းချီဆရာလည်းဖြစ် ဆရာသမားလည်း ဖြစ်သော ဆရာကြီးဦးငွေမြင့် ရှိသော ပန်းချီသင်တန်းကျောင်းသို့ ရောက်ရှိနေကြသည်။
'ကဲ...လူတွေစုံပြီလားဟေ့ ဆရာကြီးကို ကန်တော့ရအောင်။နေရာယူကြ နေရာယူကြ'
ပန်းနုလွှာ နှင့် သူငယ်ချင်း သဲဝါ လည်း အဖွဲ့၏ နောက်ဆုံးနေရာတွင် နေရာယူလိုက်ကြသည်။
'နေကြအုံးလေ ကိုရဲတို့မှ မရောက်သေးတာ ခဏလောက်စောင့်ပေးကြပါအုံး'
'ဟော ဟိုမှာ ပြောတုန်းဆိုတုန်းရောက်လာကြပါပြီ'
ပန်းချီကိုရဲ ရောက်လာပြီဆိုသော အသံကြောင့် ပန်းနုလွှာနှင့် မေသဲ တို့လည်း အနောက်သို့လှည့်ကြည့်လိုက်ကြသည်။
ဝင်လာသော လူ၃ဦး ထဲတွင် ထင်ထင်ရှားရှား ဖြစ်လှသော သူ။
'ဟင်'
ပန်းနုလွှာ မျက်လုံးကို မယုံရဲလောက်အောင် ဖြစ်သွားသည်။
နွေရောင် ဆိုသည့် ထိုလူကြီးကို ယခုလို ပြန်တွေ့ရမည်ဟု မထင်ထားမိ။
'ကိုရဲ....နောက်ကျတယ်နော်'
'ဒီမှာလေ သူငယ်ချင်းနွေရောင် ကို ဝင်ခေါ်နေလို့ပါ။ဆရာကြီး ဒါ ကျွန်တော့်သူငယ်ချင်း နွေရောင်လေ။ဆရာကြီးကို သူလည်း ကန်တော့ချင်လို့ဆိုတာနဲ့ ကျွန်တော် ဝင်ခေါ်လာတာ။သူက ဆရာကြီး ပန်းချီကို သိပ်ကြိုက်တာ ဆရာ'
ဆရာကြီးက ပြုံးရင်း ခေါင်းငြိမ့်ပြသည်။
'ဆရာ့ပန်းချီတွေကို အရင်ထဲက သတိထားမိနေတာပါ ဆရာ။ပြခန်းရောက်တော့မှ ဆရာက ကိုရဲ ရဲ့ဆရာကြီး ဖြစ်တာ သိတော့ ဆရာ့ကို ဂါဝရ ပြုချင်လို့ လိုက်လာခဲ့တာပါ။ဂါဝရ ပြုတာကို လက်ခံပေးပါ'
'အေးကွဲ့ ငါ့တပည့်သားသမီးများ ဆရာ့ကို ခုလို ဂါဝရပြုကြတာကို ဝမ်းသာတယ်ကွာ ကဲကဲ ထိုင်ကြ ထိုင်ကြ'
'ကိုရဲ လာ ရှေ့လာထိုင်။ဟိုအကိုလည်း လာထိုင်လေ'
'နေပါစေ နေပါစေ ကျွန်တော် အနောက်မှာပဲ ထိုင်ပါမယ် ကျွန်တော်က နောက်ဆုံးမှ ရောက်တာပဲဟာ။ကိုရဲ မင်းရှေ့မှာထိုင်လိုက်'
'အေး အေး'
ကိုရဲက ရှေ့ဆုံးမှာ ထိုင်ပြီး နွေရောင်ကနောက်ဆုံးကို လျှောက်လာခဲ့သည်။
နောက်ဆုံး မိန်းကလေး နှစ်ယောက် ဘေးတွင် ဝင်ထိုင်လိုက်သည်။
စံပယ်ရနံ့သင်းသင်းက နှာခေါင်းဝတွင် မွှေးပျံ့လွန်းသည်မို့ ဘေးနားက မိန်းကလေးကို မသိမသာ စောင်းငဲ့ကြည့်လိုက်ရာ ဘယ်ဘက်ရင်ဘက်က ဒိန်းခနဲ ဆောင့်ကုန်၏။
ရွှေတိဂုံ စေတီတွင် တွေ့ခဲ့ရသော အမျိုးသမီးငယ်လေး မဟုတ်ပါလား။
အပေါ်စီးက မြင်နေရ၍ မျက်တောင် ရှည်ရှည်လေး ဝန်းရံသော မျက်လုံး ဝိုင်းဝိုင်းလေးက တမင် သူ့ဆီ အကြည့်မရောက်အောင် ထိန်းထားပုံ ရ၏။
မျက်လုံးစွန်းမှ မြင်နေရသော ပုံရိပ်လှလှလေးကြောင့် အနိုင်နိုင်ထိန်းထားရသော ထို ရင်ခုန်သံတို့သည်........။
_____________________________
ပန်းနုလွှာသည် တထိတ်ထိတ်ခုန်နေသော ရင်အစုံကို အနိုင်နိုင်ထိန်းလျက် ရှိနေရပါသည်။
ဆရာကြီးကို ထိခြင်းငါးပါးနှင့် တပည့်များက ကန်တော့ကြပြီး ဆရာကြီးကလည်း တပည့်များကို ပြန်လည်ဆုမွန်ကောင်း တောင်းခြွေပေးပါသည်။
'ကဲ..အားလုံး လာကြဟေ့။အပေါ်ဝရံတာပေါ်မှာ ဆီးမီးတွေ ထွန်းကြမယ်'
'စိတ်မရှိကြပါနဲ့..သွားစရာ လာစရာလေးတွေ ရှိသေးလို့ တို့တွေပြန်နှင့်အုံးမယ်။ဆရာကြီး သားတို့ သမီးတို့ကို ပြန်ခွင့်ပြုပါ'
'အေးကွဲ့ ...အေးကွဲ့'
လူအချို့က ပြန်ကြသည်။မပြန်ကြသည့် သူများက ဝရံတာတွင် ဆီမီးထွန်းကြသည်။
ပန်းနုလွှာနှင့် သဲဝါတို့လည်း ဆီမီးထွန်းကြသည်။
'နွေရောင် မင်းကအရပ်ရှည်တယ် မီးပုံးတွေ ချိတ်ကွာ'
နွေရောင်လည်း မီးပုံးတွေကို ချိတ်ဆွဲပေးသည်။မီးပုံး အထဲတွင် ဆီးမီးထွန်းလိုက် ချိတ်လိုက် လုပ်နေသော နွေရောင်ကို သဲဝါက ကြည့်ရင်း
'နုငယ်..နင် သူ့ကို သိလား'
ပန်းနုလွှာက နွေရောင် ဘက်တစ်ချက်လှည့်ကြည့်ရင်း
'တွေ့တော့ တွေ့ဖူးတယ်။သေသေချာချာတော့ မသိပါဘူး'
'ဘယ်မှာတွေ့ဖူးတာလဲဟ'
'ဟိုတစ်ခါ ပန်းချီကိုရဲတို့ ပြပွဲ လုပ်တုန်းကလေ'
'အယ်...ငါမတွေ့တာ နာတာပဲ'
နှစ်ယောက်သား ခပ်ကျိတ်ကျိတ် ရယ်လိုက်ကြသည်။
'အတော် ဆွဲဆောင်မှုရှိတာပဲနော် ဟဲ့'
ပန်းနုလွှာ ပြုံးရင်း ခေါင်းငြိမ့်ပြသည်။
'စတွေ့တုန်းကဆိုရင် ငေးကို ကြည့်နေမိတာ
ပါးစပ်အဟောင်းသားကို ဖြစ်ရော'
ပန်းနုလွှာက တက်တက်ကြွကြွ ခေါင်းကိုငြိမ့်ရင်း
'ငါလည်း ပြပွဲတုန်းကမှ ပထမဆုံး မြင်ဖူးတာလေ...ပန်းချီတွေကိုတောင် မမြင်နိုင်တော့ဘူး ငေးတာဆိုတာ'
နှစ်ယောက်သား ရယ်မိလိုက်ကြပြန်သည်။
ရွှေတိဂုံ စေတီတွင် တွေ့ခဲ့ကြသည်ကိုတော့ပန်းနုလွှာ မပြောမိတော့ပါ။
မိမိကို ကြည့်နေသည်ဟု ထင်ခဲ့မိသော်လည်း မိမိကို ကြည့်နေတာမဟုတ်ဘဲ တစ်ခဏ အကြည့်ဆုံတာလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။
'ဒါနဲ့ သဲဝါ..ငါတို့ ပန်းချီသင်တန်းသားတွေ စုပြီး ဘုရားဖူးသွားကြမှာ နင်လိုက်ဖြစ်လား'
'မသေချာသေးလို့ စာရင်းတောင် မပေးရသေးပါဘူးဟယ်..နင်ရော'
'ငါတော့ outdoor ဆွဲချင်တာလေး ရှိလို့ လိုက်မှာ..နင်သိတဲ့အတိုင်း သင်တန်းပြီးသွားရင် ငါက အိမ်မှာပဲ နေရတော့မှာလေ သင်တန်းတောင် ဝါသနာပါလွန်းလို့ မနည်းပြောတက်ရတာ နင်လဲ အသိပဲ သွားလို့ရတုန်းလေး သွားထားမှ'
'ငါ လည်း လိုက်ဖြစ်အောင် ကြိုးစားမှာပါ'
နှစ်ယောက်သား စကားတပြောပြောနှင့် ဆီမီးထွန်းလိုက်ကြသည်။
ထိုနေ့က အတော်ပျော်ခဲ့ကြပါသည်။
ပန်းချီသင်တန်း၏ အမှတ်တရများထဲမှ တစ်ခု အပါအဝင် ဖြစ်ခဲ့လေသည်။