Episode (7)

428 63 41
                                    

Unicode

" ဦးငယ်ရေ ...သား ရေချိုးပြီးပြီနော် "

ရေချိုးသည့်နေရာမှ လှမ်းအော်လိုက်တော့

" အေး...အေး "

ဆိုပြီး ဦးငယ်က အဖြေပြန်ပေးလာ၏ ။

နံနက်ဆိုလျှင် သာယာ ရေချိုးပြီးမှ ဦးငယ်​ကရေချိုးတတ်သည် ။ နှစ်ယောက်ဝတ်ထားသည့် အဝတ်များအား ညနေဘောလုံးကန်ပြန်လာပြီး ရေချိုးချိန်မှသာ လျှော်ဖွပ်ဖြစ်သည် ။ ချက်ပြုတ်သည်ကို သာယာ မလုပ်တတ်သော်လည်း အဝတ်လျှော် ၊ မီးပူတိုက် ၊ အိမ်သန့်ရှင်းရေးကိုတော့ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်၏ ။ တူအရီးနှစ်ယောက်တည်းနေသည့်အတွက် တစ်ယောက်မလုပ် ၊ တစ်ယောက်လုပ်မှသာ အဆင်ပြေမည် ။ ဦးငယ်က နံနက်သွား ၊ ညမိုးချုပ်မှပြန်လာရသည့်အတွက် ထိုအလုပ်များအားလုံးကို သာယာ ပျော်ပျော်ရွှင်ရွှင်လုပ်ဖြစ်၏ ။

ဦးငယ်က ရေလဲပုဆိုးကိုလက်မှကိုင်ပြီး နောက်ဘက်ရေချိုးသည့်နေရာသို့ ရောက်လာပြီဖြစ်သောကြောင့် ပုဆိုးအမြန်လဲရ၏ ။ တန်းပေါ်တင်ထားသည့် တဘက်ကြီးနှင့် ခေါင်းရော ၊ ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ မြန်မြန်သုတ်ဖယ်ပြီး အိမ်ပေါ်ပြေးတက်တော့ " ဖြည်းဖြည်းသွား...သား " ဆိုပြီး ဦးငယ်က သတိလှမ်းပေးလာသည် ။

နောက်လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတော့ ကြည်ကြည်သာသာပြုံးပြနေသည့် ဦးငယ်၏ပုံစံက ချစ်ခင်အားကိုးစရာ ။ ဦးလေးဆိုသော်လည်း ဦးငယ်က သူ့ကို တူတစ်ယောက်လိုမျိုးမဟုတ်ဘဲ သားတစ်ယောက်လိုမျိုးချစ်ခင်သည် ။

ဦးငယ်၏ကျေးဇူးများကို တစ်နေ့ကျလျှင် သေချာဆပ်မည်ဟု စိတ်ကူးထားသော်လည်း ယခုထိ ကျေးဇူးမဆပ်နိုင်သေးပေ ။ နောက်နှစ်ကျ ဦးငယ် မည်သို့တားတား ၊ အလုပ်တစ်ခုခုလုပ်မည်ဟု သာယာ တိတ်တိတ်လေးစိတ်ကူးထားသည် ။ ကိုယ့်ဘာသာပိုက်ဆံရှာနိုင်လျှင် ဦးငယ် ထမ်းနေရသည့် ဝန်ထုပ်ဝန်ပိုးလည်း ယခုထက်တော့အနည်းငယ်လျော့သွားပေလိမ့်မည် ။

သာယာတို့အိမ်က သိပ်မကျယ်လှ ။ နောက်ဘက်ရေချိုးသည့်နေရာနှင့် အိပ်ခန်းမှာသိပ်မဝေးသောကြောင့် ရေကျသံတဗွမ်းဗွမ်းကိုလည်း သေသေချာချာကြားနေရသည် ။ ဦးငယ်ကရေချိုးမြန်သည့်အတွက် ဦးငယ်ရေချိုးမပြီးခင် သာယာအဝတ်အစားမြန်မြန်လဲမှဖြစ်မည် ။  ကိုယ့်ဘာသာကိုယ်ဆိုလျှင် သိပ်ပြီးဂရုမစိုက်ဖြစ်သော်လည်း  အလုပ်မအားသည့်ဦးငယ်ကို ထပ်ပြီးအပူမပေးချင်သဖြင့် တတ်နိုင်သမျှတော့ ကျန်းမာရေးကိုဂရုစိုက်ဖြစ်သည် ။

သင့်မြတ်သာယာ /သင့်မြတ်သာယာ( Ongoing) Donde viven las historias. Descúbrelo ahora