အပိုင်း(၁)

926 46 2
                                    

[Unicode]

အပိုင်း - ၁ (သာ့လီအကျဥ်းထောင်)

မောင်ရှီ[မနက်၅နာရီမှ ၇နာရီအတွင်း]အချိန်ပြီးနောက်တွင် မြို့မြောက်ဘက်ရှိ သာ့လီဘုရားကျောင်း အကျဥ်းထောင်၏ လေးလံသော သံတံခါးမကြီးမှာ တဂျွီဂျွီမြည်သံနှင့်အတူ တွန်းဖွင့်ခံလိုက်ရသည်။ ထို့နောက် ထောင်စောင့် နှစ်ယောက်၊ သုံးယောက်သည် ခါးအကြောများဆန့်ကာ သန်းဝေလျက် ထွက်လာကြပြီး အပေါက်ဝရှိ နှင်းများအား စတင်သန့်ရှင်းကြလေသည်။

မနေ့ညက နှင်းများ တစ်ညလုံးကျနေပြီး ကျိုလုံတွင် အအေးဆုံးဆောင်းရာသီသို့ ရောက်နေပြီဖြစ်သည်။ ထောင်စောင့်များသည် တံမြက်စည်းများဖြင့် နှင်းများကို ပေါ့ပေါ့ပါးပါး လှည်းကျင်းနေကြပြီး ရံဖန်ရံခါ လက်များကို ပွတ်သပ်ရင်း ခြေထောက်များ ဆောင့်နင်းကာ မကျေမနပ်ဖြင့် ကျိန်ဆဲညည်းတွားနေကြသည်။

ခပ်လှမ်းလှမ်းမှ မြင်းလှည်းသံသည် နီးကပ်လာ၏။ သန်မာတောက်ပြောင်သော မြင်းနက်နှစ်ကောင်မှဆွဲလာသည့် ဇိမ်ကျကျ အလှဆင်ထားသော ရထားလုံးသည် တာ့လီဘုရားကျောင်းအကျဥ်းထောင် တံခါးအပေါက်ဝ၌ ရပ်တန့်သွားသည်။ နန်းတွင်းကိုယ်ရံတော်ဝတ်စုံများ ဝတ်ဆင်ထားသော ကျန်းမာကြံ့ခိုင်သည့် လူငယ်နှစ်ဦးသည် ထိုရထားလုံးထဲမှ ထွက်လာကြသည်။

ထိုသူတို့အား ရှေ့တည့်တည့်မှ ကြည့်လိုက်မိလျှင်ပင် ထိုသူတို့ပတ်ပတ်လည်တွင် အံ့သြဖွယ်ရောင်ဝါများ တောက်ပလျက်ရှိသည်။

ထောင်စောင့်များသည် အချင်းချင်း တံတောင်ဖြင့်တွန်းတိုက်လိုက်ကြပြီး မေးမြန်းနေခဲ့ကြသည်။ ရထားလုံးတံခါး ပွင့်သွားပြီး မိန်းမစိုးနှင့်တူသော လူတစ်ယောက် ထွက်လာသည်။ သူသည် မျက်ခုံးပင့်ကာ ကျယ်လောင်သောအသံဖြင့်

"တော်ဝင်အိမ်ရှေ့စံမင်းသားရောက်လာပြီ။ မြန်မြန် ကြိုဆိုကြ!"

အစောင့်များမှာ တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လိုက်ကြပြီး သတင်းကြားသော အရာရှိများမှာလည်း မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။ မိန်းမစိုး၏အကူအညီဖြင့် ရထားလုံးထဲမှထွက်လာသော ချောမောနုပျိုသည့် လူငယ်လေးမှာ အရပ်ရှည်ကာ သွယ်လျပေ၏။ သူသည် အနီရောင်တောက်တောက် တော်ဝင်အိမ်ရှေ့စံဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံ၏ အနားသတ်များနှင့် ဝတ်ရုံလက်အဖျားများအား ကျက်‌သ‌ရေမင်္ဂလာပြည့်စုံသော တိမ်တိုက်ပုံစံရွှေချည်များထိုးထားသည်။ အပြင်ဝတ်ရုံမှာ ငွေရောင်မြေခွေး သားမွှေးခြုံထည်ဖြစ်ပြီး အထက်တန်းကျကာ မောက်မာမှုများထဲ သွေး‌ဆောင်ဖြားယောင်းမှုလေးအား အနည်းငယ် ပေါင်းထည့်ထားသကဲ့သို့ ဖြစ်နေ၏။

နန်းမြို့တော်မှအကြင်နာသစ္စာ[BL]Where stories live. Discover now