မုန်း၍ဖြင့် မနေရစ်စေလို_(၅)

285 5 6
                                    

         "နေခြည် ငါတို့ တွဲကြရအောင်"

          အဝါရောင် နှင်းဆီပန်းစည်းကြီးသည် မြင်ကွင်းထဲသို့ ဖျတ်ခနဲရောက်လာသည်နှင့် ရှက်ရွံ့မှုတို့ရောနှောပါဝင်နေသည့်နုညံ့ချိုသာလွန်းလှသည့် စကားသံသည်နားထဲသို့တိုးဝင်လာ၏။သူမသည် စာအုပ်ကို ငုံ့၍ဖတ်နေရာမှ ၎င်းပန်းစည်းပိုင်ရှင်ကိုမော့ကြည့်လိုက်သည်။အသားဖြူဖြူ၊နှာတံပေါ်ပေါ်‌ ကောင်ကလေး။ ဆံပင်များကိုသပ်ယပ်စွာဖီးသိမ်း၍ နောက်သို့လှန်ထား၏။စတစ်အင်္ကျီအဖြူမှာ ကြယ်သီးအပြည့်တပ်ထားလျှက် ပုဆိုးစိမ်းနှင့်ဖိ၍ သပ်ယပ်စွာ ဝတ်ဆင်ထားသည်။တစ်ဇွက်ထိုးဆန်တတ်မှု၊မိမိကိုယ်ကိုယုံကြည်စိတ်ရှိမှုတို့နှင့်အ မြဲတောက်ပနေတတ်သည့် မျက်ဝန်များသည် ယနေ့ကျမှတစ်စုံတစ်ရာကို ကြောင့်ကြနေကြဟန်။
          သူမသည် ဒီကောင်ကလေးကို နေရာတော်တော်များများတွင် မကြာခဏဆိုသလိုမြင်ဖူးခဲ့သည်။အလွန်ချောမောသည်ဟုမဆိုသာသော်လည်း သာမာန်ထက် ထူးခြားနေသည့် ရုပ်ရည်မျိုးမို့ ထိုမျက်နှာဘယ်နေရာတွင်ရှိနေနေ မျက်လုံးထဲသို့ တန်းခနဲရောက်လာ၏။‌ သူသည်နေ့လယ်စာစားချိန်တိုင်း မိန်းကလေး ကန်တင်း၌ အမြဲရှိနေတတ်သည်။မိန်းက‌လေး ကန်တင်းဟု ဆိုသော်လည်း ယောက်ျားလေးများလည်း လာစားတတ်ကြ၏။မိန်းကလေးကန်တင်း၊‌ယောက်ျားလေးကန်တင်းဟု တမင်ခွဲထားခြင်းမျိုးမဟုတ်သော်လည်းလတ်တို့၏ မိန်းကလေးဆောင်များ ရှိရာဘက်လမ်းတွင် ရှိနေသဖြင့် မိန်းကလေးကန်တင်း၊ယောက်ျားလေးဆောင်များဘက်သို့ သွားရာလမ်းဘက်တွင် ရှိသဖြင့် ယောက်ျားလေးကန်တင်း စသ ည်ဖြင့် သမုဒ်ခေါ်ကြခြင်း ဖြစ်သည်။သူ့လာတိုင်း သူ၏ဘေးတွင် မိန်းကလေး သုံး၊လေးယောက်သို့မဟုတ် ယောက်ျားလေး သုံးလေးယောက် အမြဲပါလာတတ်ပြီး ဆိုင်တစ်ခုလုံး ဆူညံနေအောင် စကားပြောရင်း ရယ်မောနေတတ်ကြသည်။လတ်သည် ဟီးဟီးဟားဟားသံများကို စိတ်ပျက်မုန်းတီးပါသော်လည်း သူ့ကိုတော့ မြင်ပါများ၍လား မသိ။စိတ်တွင်းမှ သဘောကျနေမိသည်။
        သူသည် တစ်ခါတစ်ရံ စိမ်းလန်းစိုပြည်ခြင်းနှင့်သန့်ရှင်းခြင်း (Green and Clean) အသင်း၏ ကျောင်းပိတ်ရက် လှုပ်ရှားမှုများတွင် ပါဝင်လာတတ်သေးသည်။တစ်ခါတစ်ရံသူ၏ စိတ်ပညာအတန်းချိန်များကို လတ်တို့ ၏အတန်းထဲတွင် လာတက်နေတတ်‌၏။သူနှင့်လတ်သည် စတုတ္ထနှစ်ချင်းလည်း အတူတူ၊စာသင်ချိန်များလည်းအတူတူဖြသော်လည်း စာသင်ခန်းချင်းမတူ။ပညာရေးတက္ကသိုလ်၏ နှစ်တစ်နှစ်စီအလိုက် နှစ်စဉ်ကျောင်းသား၊သူဦးရေသည်ငါးရာကျော်ခြောက်ရာနီးပါးအထိ အမြဲရှိသဖြင့် စာသင်ခန်းများကို ခုံနံပါတ်စီ၍ ခွဲထားရသည်။သူက တိုက်ရိုက် ဘီးအီးဒီ ဖြစ်သဖြင့်ခုံနံပါတ်ကရှေ့ကျကာထိပ်ဆုံးခန်းတွင် သင်ရသည်။လတ်ကကျ ပညာ‌ရေးကောလိပ်မှတစ်ဆင့် ပေါင်းကူးရသဖြင့် နောက်ဆုံးခန်းတွင် သင်ရသည်။သို့‌သော် သူသည် လတ်တို့အတန်းထဲသို့ ကြိုးကြားကြိုးကြားရောက်လာတတ်၏။ဆရာမက "မင်း ဘာကြောင့် ကိုယ့်အတန်းကို ကိုယ် မတက်တာလဲ"ဟု မေးလျှင် "ဆရာမ စာသင်တာ ကြိုက်လို့ဗျ"ဟု ပြီတီတီမျက်နှာထားဖြင့် ပြန်ဖြေတတ်၏။
        ဟိုတစ်နေ့က အလုပ်ကိစ္စနှင့်အပြင်သွားတော့တောင် စက်ဘီးတစ်စီးနှင့် လမ်းဘေးမှာတွေ့လိုက်သေးသည်။၎င်း၏သူငယ်ချင်းဖြစ်သူများနှင့် မနက်ခင်းစက်ဘီးထွက်စီးကြမလို့ထင်သည်။လတ်နှင့်သူသည် စကားမ‌ပြောဖူး‌ ယုံလေးမျှသာဖြစ်သည်။လတ်ဘက်က သူ့ကို အ‌တော်ကလေး ရင်းနှီးနေခဲ့ပြီဖြစ်သည်။အဲ့ဒီတုန်းက သူက ၎င်း၏ သူငယ်ချင်းဖြစ်သူများကို စကားပြောနေရာမှာ လတ်ကို မြင်သွားပြီး လှမ်းကြည့်နေခဲ့၏။ယခုမူ ခပ်ဝေးဝေးကသာ မြင်ခဲ့ရဖူးသည့် ထိုမျက်နှာသည် သူမ၏ ရှေ့တည့်တည့်တွင် ‌ရောက်နေပြီဖြစ်သည်။သူ၏ မျက်နှာကို အနီးကပ်မြင်လိုက်ရတော့ ခပ်ဝေးဝေးက မြင်ခဲ့ရတုန်းကထက် သာ၍ ချောမောပြေပြစ်နေ၏။သူမသည် ဘုရားစူးရစေ့ ရင်တွေ တလှပ်လှပ်ခုန်နေခဲ့ပါ၏။
      သူမသည် စိတ်ကို တတ်နိုင်သမျှစုစည်း၍ စိတ်လှုပ်ရှားခြင်း မရှိဟန်နှင့် နှင်းဆီပန်းစည်းကို ပြန်ကြည့်လိုက်သည်။နှစ်၊လေး၊ခြောက်၊ခုနှစ်.......ခုနှစ်ပွင့်။

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now