မုန်း၍ဖြင့် မနေရစ်စေလို_(၂)

166 2 0
                                    


     'ကျွန်မနာမည် နေခြည်လင်းလင်းလတ်'

     သည်နာမည်ကို အမေသည် တစ်မျိုးလုံးကို ဆန့်ကျင်၍ ပေးခဲ့ရသည်တဲ့။တောသူအမေသည် သူမ၏သမီးဖြစ်သူကို အဘယ်မျှ ဗိုလ်ဆန်စေချင်ခဲ့သည့် စေတနာတွေပါလဲ။လတ်ကို မြန်မာသက္ကရာဇ် တစ်ထောင့်သုံးရာငါးဆယ့်ခုနှစ်ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဝါးကပ်မိုး၊ဝါးကြမ်းခင်း၍ ဝါးထရံများကာထားသော ခပ်ကုပ်ကုပ်တဲအိမ်တစ်ခုအတွင်းတွင်‌ မွေးဖွားခဲ့သည်။ထို‌နေ့က ကျေးရွာဘုန်းကြီး‌ကျောင်းဆီမှ အရှင်ရဟန်းတော်များ၏ ဓမ္မာစက်ြာတရားတော်များကို ရွက်ဖတ်သရဇျာယ်နေကြသည့်အသံသည် မိုးယံအနှံ့သို့ ပြေးလွှားပျံ့နှံ့နေခဲ့၏။‌ထိုကျောင်းသင်္ကန်းဆီမှ ပျံ့လွင့်၍လာသော မိဘ‌ကျေးဇူးကို အထူးအမှူးပြု၍ ဖြစ်ပေါ်လာခဲ့သည့် တရားတော်များကို ဖတ်ရွက်သရဇ္ဇျာယ် နေကြသည့်အသံများနှင့်အပြိုင် ကျားပျိုတစ်ကောင်ကဲ့သို့ အင်အားအပြည့်နှင့် ဆူညံ့စွာအော်ဟစ်ငိုယိုရင်း လောကကြီးကို ခပ်စွာစွာမိတ်ဆက်လိုက်သည့် မိန်းမငယ်ကလေး၏ငိုသံသည် မပြည့်စုံသော မိဘနှစ်ပါးအတွက် ဘဝင်နှလုံးကို ရွှင်ပြုံး၍ သွားစေခဲ့သည်။
         မိန်းမငယ်က‌လေးကို မွေးဖွားသည့်အချိန်က ကောင်းကင်ထက်တွင် လမင်းကြီးသည်ရွှန်းရွှန်းဝေအောင် ထိန်လင်းနေသည်။ကြယ်မှုန်၊ကြယ်ပမွှား၊ကြယ်အနုတ်စုတ်ဂုတ်စုတ်တို့သည် လမင်းကြီးကို မယှဉ်သာသဖြင့် ခေါင်းမဖော်ဝင့်ကြ။လောကဓာတ်ကြီးတစ်ခုလုံးကို လပြည့်ဝန်း၏ အေးမြရွှန်းပလှသော အလင်းရောင်ခြည်များဖြင့် ဖုံးလွှမ်းထား၏။လင်းကွင်းတီးသံ၊ဝါးလက်ခုပ်သံ၊ဆိုင်းသံ၊ဗုံသံနှင့်သီချင်းသံ တအုန်းအုန်းသည် တရားသံစဲသည်နှင့်တပြိုင်နက် မြိုင်မြိုင်ဆိုင်ဆိုင်ပင် ပေါ်ထွက်လာကြကာ ထိုအသံများကို ခွေးအူတောင်နှင့် မှန်တောင်တရိုးဆီမှပင် ဆူညံစွာကြားနေရသေးသည်။ထိုအသံများကို တစ်ချက်တစ်ချက်တွင် ထိုးဖောက်၍ ပေါ်ထွက်လာတတ်သော မွေးကင်းစကလေးငယ်၏ စူးစူးဝါးဝါးအော်ငိုနေသည့်အသံသည် ပွဲလှည့်လည်ရန် အတင်းပူစာနေသည့် က‌လေးတစ်ယောက်၏ ငိုသံနှင့်ပင် တူလှ‌၏။
      မိန်းမငယ်ကလေးသည် လ၏သာမာန်အလင်း‌ရောင်ကလေးမျှနှင့်သာ လောကကြီးထဲသို့ ဝင်ရောက်လာခဲ့ရခြင်းမဟုတ်။တထိန်ထိန်ဝင်းပသည့် လမင်းကြီး၏ အလင်းရောင်နှင့်အတူ လောကကြီးထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။လမင်းကြီးမှ ရိုးရိုးသာမာန်မျှ‌သော လမင်းမျိုးမဟုတ်။လမင်းများ၏ ဘုရင်၊လမင်းများ၏ အရှင်၊လမင်းများ၏ သခင်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၏ လမင်းကြီးနှင့်အတူ ထူးကဲစွာ ရောက်လာခဲ့ခြင်းဖြစ်သည်။
    ထိုနေ့သည် ပဒုမ္မာ၊ကြာဖြူ၊ကြာညို၊ကြာနီနှင့်ကြာပုဏ္ဍရိတ်စသော ကြာမျိုးငါးပါးတို့ စုံလင်စွာ ပွင့်လန်း၍ ဗုဒ္ဓဘုရားအား ဦးခိုက်အရိုအသေပြုကြသော မြတ်သောအခါတော်နေ့လည်း ဖြစ်သည်။သာဝတ္တိံသာနတ်ပြည်ရှိ ဘုရားရှင်၏ ဆံတော်ကို ဌာပနာတည်ထားသည့် စူဠာမဏိစေတီတော်ကို ရည်စူး၍ မီးများ ထွန်းညှိပူဇော်ကြသော မွန်မြတ်သန့်စင်လှသည့် အခါတော်နေ့ထူးကြီးလည်း ဖြစ်သည်။ဗုဒ္ဓဘုရားရှင်သည် သာဝတ္တိံသာနတ်ပြည်တွင် ဝါးတွင်းသုံးလပတ်လုံး ဟောကြားခဲ့သည့် တရားတော်များကို အနှစ်ချုပ်၍ အဘိဓမ္မာတရားတော်မြတ်အဖြစ် ဟောကြားခဲ့သည့် မြတ်သောအခါတော်နေ့လည်း ဖြစ်သည်။လောကလူသားများအားလုံး၏အရှေ့မှ စံနမူနာပြ၍ ကြီးမားများမြောင်လှသော မိဘ၏ ကျေးဇူးကို ဆပ်ပြခဲ့သည့် မဟာဂန္တဝင်နေ့ထူးကြီးလည်း ဖြစ်သည်။သာဝတ္တိံသာနတ်ပြည်တွင် ကျေးဇူးဆပ်တရားဟော၍ လူ့ပြည်သို့ပြန်ကြွလာသော ဘုရားရှင်ကို လောကဓာတ်တစ်ခွင်လုံးက ဆီမီးများကို ပူဇော်ထွန်းညှိ့၍ သောင်းသောင်းဖျဖျ‌နှင့် တခဲနက် ကြိုဆိုခဲ့ကြသည့် ရက်မြတ်အခါတော်နေ့ဟုဆိုလျှင်လည်း သွေးထွက်အောင်မှန်လွန်းလှ၏။
     သူမအား ထိုကဲ့သို့‌ ထူးခြား၍ မွန်မြတ်လှသော နေ့ကြီးရက်ကြီးမျိုးတွင် သူမ၏ မိခင်မှ မွေးဖွားသန့်စင်၍ ပေးလိုက်ခြင်းဖြစ်သည်။အမိငယ်က‌လေး၏ မိခင်သည် ဤမျှ ထူးခြားလှသောနေ့တွင် လူ့လောကထဲသို့ဝင်ရောက်ရန် ရွေးချယ်ခဲ့သော သမီးငယ်၏ အနာဂတ်သည် အခြားသောသူများထက် တစ်စုံတစ်ရာ ပိုထူးခြားလိမ့်မည်ဟု တွေးထင်လျှက်ရှိ၏။သို့‌သော် ကြာရှည်စွာ တွေးတောနေချိန်တော့မရလိုက်။မြန်မာပီပီ ဆိုင်းသံဗုံသံများကြားရပြီး သွေးများကြွလာကာ သီတင်းကျွတ်ပွဲဆီသို့ စိတ်များပျံ့လွင့်သွားကြသောကြောင့်ဖြစ်သည်။
     အမိငယ်ကလေးမွေးပြီး၍ များမကြာမှီ ကားလမ်းမတစ်လျှောက်တွင် အယုတ်၊အလတ်၊အမြတ်မရွေးပါဝင်သည့် မီးလှည့်သည့် လူတန်းကြီးသည် ဆီးမီးခွက်များ၊မီးပုံးလှလှလေးများ၊ဖယောင်တိုင်ထုတ်များ၊အမွှေးတိုင်ထုတ်များကို ကိုယ်စီကိုယ်ငှကိုင်၍ အမိငယ်ကလေးတို့၏ အိမ်ရှေ့မှ ဖြတ်သန်းသွားကြလေသည်။အခြားရွာများမှ လွှတ်တင်လိုက်သော မီးပုံးပျံများသည် ကောင်းကင်းယံတွင် လမင်းကြီးနှင့်အပြိုင် တလက်လက် တောက်ပလျှက်ရှိသည်။အမိငယ်က‌လေး၏ မိခင်သည် အိပ်ယာထက်တွင် လဲလျောင်း၍ တအဲအဲ ငိုနေသည့်သမီးငယ်ကို ပြုံး၍ ကြည့်နေရာမှပြတင်းပေါက်ကျဥ်းကျဥ်းလေးမှတစ်ဆင့် မြင်တွေ့နေရသည့် မီးပုံးပျံများကို လှမ်းကြည့်လိုက်၏။ထို့နောက် "ကြည့်စမ်းပါအုန်း။ငါ့သမီးလေးမွေးတဲ့နေ့က လှလိုက်တာကွယ်။မီးပုံးပျံ‌တွေကလည်း အရင်နှစ်တွေတုန်းကထက် ပိုများပြီး၊ပိုပြီးလင်းသလားဘဲ။သာဝတ္တိံသာ နတ်ပြည်မှာရှိတဲ့ စူဠာမဏိစေတီတော်ကို ရည်စူးပြီး မီးပူဇော်ကြတာတဲ့လေ သမီးရဲ့။ငါ့သမီးလေးသာ မြင်ရင် သိပ်သဘောကျမှာ။"ဟု ယဲ့ယဲ့ကလေးပြုံး၍ တိုးတိတ်စွာ ပြောလိုက်လေသည်။အမိငယ်သည် မိခင်၏ အသံကို နားလည်သွား၍လားမသိ။တအဲအဲငိုနေရာမှ အသံတိတ်၍ သွားလေတော့သည်။
        သားအမိနှစ်ယောက်ရှိ‌နေရာ အခန်းကျဥ်းကလေးဆီသို့ နားစွင့်ရင်း ရေနွေးအိုးတည်နေသည့် အမိငယ်၏ဖခင်သည် "အဖေတို့ရွာက လွှတ်မယ့် အဖေကိုယ်တိုင်ဦးစီးပြီး လုပ်ထားတဲ့ ဆင်ရုပ်ပုံ မီးပုံပျံကြီးကို မြင်ရရင်တော့ ငါ့သမီးကလေး ပိုပြီးသဘောကျသွားမှာဗျ"ဟု စိတ်တွင်းမှ အားရပါးရ ပြောလိုက်လေသည်။‌လာမည့်နှစ်တွင် သမီးနှင့်အတူ ပွဲလည်ရမည်ဟုလည်း တေးထားလိုက်၏။ရွာလမ်း‌မကြီးဘေးတစ်လျှောက်တွင် စတုဒိသာ မဏ္ဍပ်များနှင့် စည်ကားနေလိုက်ပုံက ယခုမှ လူ့လောကထဲရောက်လာသည့် သမီးငယ်ကလေးသာ မြင်လျှင် မျက်လုံးကလေးပြူး၍ အံ့ဩ‌ရောမည်။ရယ်မောသံ၊အော်ဟစ်၍ စကားပြောဆိုသံတို့ကလည်း ကျွတ်ကျွတ်ပင်ညံနေသေးတော့၏။အမိငယ်ကလေးကို‌‌ မွေးဖွားပြီး၍ များမကြာမှီ မီးလှည့်လူတန်းကြီးသည် သူမတို့၏ တဲသာသာအိမ်ကလေးရှေ့မှ အတီး၊အမှုတ် အကအခုန်များဖြင့် ဖြတ်သန်း၍ သွားလေ‌တော့သည်။မသိလျှင် သမီးကလေး လူ့လောကထဲရောက်လာသည်ကို အတီး၊အမှုတ်၊အကအခုန်များနှင့်ကြိုနေကြသည့်အလားပင်။
      တစ်စတစ်စနှင့် အိမ်တိုင်း အိမ်တိုင်းတွင် ဖယောင်တိုင် မီးများထိန်လင်း၍ နေချေပြီ။ထိုနေ့က ကလေးမငယ်ကလေးတို့၏ အိမ်ရှေ့ရှိ ခါးကိုင်းကိုင်းနှင့် ပိတောက်ပင်အိုကြီးသည် အချိန်အခါမဟုတ်ပါဘဲလျှက် အပွင့်တွေဝေနေအောင် ပွင့်လေသည်။လရောင်လွှမ်းသောဝန်းကျင်တစ်ခုလုံးသည် ပိတောက်ပန်း၏ရနံ့တို့ဖြင့် သင်းထုံလျှက်ရှိနေခဲ့၏။သည်အရာသည်လည်း သမီးကလေးမွေးဖွားလာခြင်း၏ ထူးခြားသော အထိမ်းအမှတ်ပေပဲလားမသိ။
         လတ်ကိုမွေးဖွားပြီး တစ်လခွဲခန့်အကြာတွင် အမေနှင့်အ‌ဖေသည် မင်းကင်းမြို့ကလေး၏ အနောက်ဘက်တွင်တည်ရှိသည့် ၎င်းတို့၏ မွေးရပ်မြေကလေးကို အပြီးအပိုင် စွန့်ခွာရန်ဆုံးဖြတ်လိုက်ကြသည်။ထို့‌ကြောင့်ရွာတွင် ကျန်ရစ်ခဲ့သည့် လယ်ကွက်ကလေး အနည်းငယ်ကို ရောင်းချရန် မွေးရပ်မြေသို့ ခေတ္တပြန်လာခဲ့ကြသည်။ထိုသို့ပြန်ခဲ့စဉ် ရွာဦးကျောင်းဆရာတော်၏ နောက်ဆုံးခွဲခွာခြင်းလက်ဆောင်အနေဖြင့် အမည်တစ်စုံတစ်ရာပေးရ‌ခြင်းမရှိသေးသည့် နီတာရဲကလေး လတ်ကို '‌သန်းသန်းကြည်'ဟု အမည်မှည့်ခေါ်ရန် မိန့်တော်မူခဲ့သည်။
       ထိုအချိန်မှစ၍ အမေ၊အဖေနှင့် တစ်မျိုးလုံး‌တစ်‌ဆွေလုံးသည် လတ်ကို 'အကြည်'ဟု ချစ်စနိုးခေါ်တွင်ခဲ့ကြသည်။တစ်ခါတစ်ရံ မမကြီးစိတ်ဆိုးသည့်အခါ 'သန်းသန်းကြည်' ဟု အောက်အောက်အက်အက် အခေါ်ခံရသည်မှ လွဲ၍ လတ်၏ အိမ်နာမည်သည် အကြည်ဖြစ်လေသည်။လတ်ကိုယ်တိုင်ကလည်း 'သန်းသန်းကြည်'ဟူသော အမည်ကို သဘောမကျသော်လည်း 'အကြည်'ဟု အခေါ်ခံရသည်ကိုတော့ အလွန်သဘောကျလှသည်။
       သို့သော် အမေသည် လတ်ကို ကျောင်းစအပ်ပေးသည့်နှစ်တွင် အလွန်တရာလေးစားဖွယ်ကောင်းလှသော တော်လှန်မှုတစ်ခုကို ပြုလုပ်ခဲ့‌လေသည်။ထိုအရာမှာ ဘဘုန်းကြီး မှည့်ပေးခဲ့သည့် လတ်၏ အမည် 'သန်းသန်းကြည်'အစား 'နေခြည်လင်းလင်းလတ်' ဟူ၍ မည်သူကိုမျှ တစ်စုံတစ်ရာတိုင်ပင်ခြင်းမပြုဘဲ တရားဝင် အမည်စာရင်း ပေးသွင်းခဲ့ခြင်းဖြစ်လေသည်။
       ပုံမှန်တွင် ဆရာတော်သည် လူတိုင်းကို အမည်ကင်ပွန်းတပ်ပေးလေ့မရှိ။လတ်၏ အ‌ဖေသည် ဘုန်းကြီး‌ကျောင်းထွက် တပည့်ရင်းလည်းဖြစ်၊ဆရာ‌တော်၏အချစ်တော်လည်းဖြစ်သဖြင့်သာ လတ်တို့မောင်နှမတွေကို တကူးတက နာမည် ကင်းပွန်းမှည့်ပေးခဲ့ခြင်းဖြစ်သည်။'အမည်ကင်းပွန်းလေးတပ်ပေးပါဘုရား'ဟု လျောက်ထားလျှင်တောင် တပ်ပေးချင်မှတပ်ပေးလေ့ရှိပြီး စိတ်တိုင်းကျလှသူမှသာ နာမည်ရွေးပေးတတ်သူဖြစ်သဖြင့် ဘဘုန်းကြီး၏ နာမည်မှည့်ပေးခြင်း ခံရသူသည် အလွန်တရာ ကံကြီးသူသာ ဖြစ်လေသည်။
       အမေသည် ထိုသို့ စေတနာအထားခံရသည်ကိုပစ်ပယ်၍ လတ်၏နာမည်ကို ပြောင်းလိုက်သည့်အတွက်‌ ဆွေမျိုးများ၏ တိုးတိုးတစ်မျိုး၊ကျယ်ကျယ်တစ်မျိုး ဆိုငေါက်ခြင်းကို ခံခဲ့ရသည်။ဆရာ‌တော်မှည့်ပေးထားသည့်နာမည်ကို မယူလျှင် ဒုက္ခရောက်တတ်သည်ဟူသော အစွဲကလည်းရှိကြသည်မို့ ဆွေမျိုးများက အမေ့ကို 'သန်းသန်းကြည်' ဟူသော နာမည်ကိုသာ အတည်ယူရန် အလျင်းသင့်လျှင်သင့်သလို အတင်းအကြပ် တိုက်တွန်းတတ်ကြလေသည်။လတ်‌ နေမကောင်းဖြစ်သည့်အခါတိုင်း နာမည်ကြောင့်ဖြစ်ရတာဟု အပြစ်ဆိုကြ၏။‌ရင်ကြပ်တတ်သည့် ရောဂါရှိသည်ကိုလည်း နာမည်ကြောင့်ဟု ခေါင်းစဉ်တပ်ကြပြန်၏။တစ်ခါတွင်လည်း လတ်သည် လှေကားပေါ်မှ ပြုတ်ကျ၍ ညာလက်ဖျံအရိုး အက်သွားလေသည်။ဤသည်ကို အဖေနှင့်တကွ‌သော ရွှေအမျိုးတို့သည် မခိုင်မခန့်ဖြစ်နေသည့် လှေကားကိုပြုပြင်ရန် မတိုက်တွန်းကြဘဲ 'နာမည်ကြောင့် ဖြစ်ရတာပဲ' ဟုဆိုကာ နာမည်ပြောင်းရန်ကိုသာ အတင်းတိုက်တွန်းကြလေသည်။အင်မတန်ခိုင်ခန့်လှပါသည်ဆိုသော ကျောက်ဆိုင်‌ ကျောက်သားများသည်ပင် နှဲ့ပါများလျှင် နဲ့တတ်ကြသေး၏။အမေသည်လည်း မည်မျှပင် ခေါင်းကြောမာသောသူဖြစ်လင့်ကစား နှဲ့ပါများတော့ အများ၏ စကားများအပေါ်တွင် ဟုတ်နိုးနိုးနှင့် စိတ်ယိုင်လာရသည်။သို့နှင့် တစ်ရက်တွင် အမေသည် 'သမီး နာမည်ပြန်ပြောင်းကြရအောင်လား'ဟု ညှိုးငယ်စွာဖြင့် စကားစလာခဲ့သည်။သို့သော် ငယ်ရွယ်သေးသော်လည်း အကောင်းကြိုက်တတ်သော လတ်သည် ထိုကိစ္စကို ပြတ်သားစွာ ငြင်းဆန်ခဲ့လေသည်။လတ်၏စိတ်ထဲတွင် နေခြည်လင်းလင်းလတ်ဟူသောနာမည်သည် လှ၏၊မလှ၏ကို ခွဲခြား၍မသိသေး။တစ်ပါးသူများက လတ်၏နာမည် နေခြည်လင်းလင်းလတ်ကို ကြားသည့်အခါတိုင်း 'လှလိုက်တဲ့နာမည်လေးနှယ်'ဟု ချီးမွမ်းကြသည့်အသံကို ကလေးပီပီ မက်မောနေမိ၍သာပြောင်းလဲရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
       လတ်နေထိုင်မကောင်းသည့်အခါတိုင်း အဖေသည် လတ်၏အမည်နှင့်ပတ်သက်၍ အမေ့ကို ပြဿနာရှာတတ်သည်ကို ယခုတိုင် မှတ်မိနေပါ‌သေးသည်။အ‌ဖေသည် သမီးကလေးချွတ်ချော်သိမ်းပါးသွားမှာ အင်မတန်စိုးရိမ်ပုံရသည်။ထို့‌ကြောင့် သန်းသန်းကြည်ဟူသောနာမည်ကို သဘောမတွေ့လင့်ကစားအသက်လောက် အရေးမကြီးဟု ယူဆကာ သန်းသန်းကြည်ကိုပဲ တရားဝင်နာမည်အဖြစ် ပေးချင်သည်။သို့သော် အဖေသည် အမေ့ကိုလည်း လွန်ဆန်၍မရနိုင်။ထို့‌ကြောင့် လတ်၏ အတန်းဖော်သူငယ်ချင်းများ၊လတ်၏ဆရာ၊ဆရာမများနှင့် အမေ၊မမကြီးနှင့်‌မောင်လေးတို့သည် လတ်အား မည်သို့ပင်ခေါ်‌ဝေါ်သမုတ်နေကြစေကာမူ အဖေသည်"ငါ့သမီး သန်းသန်းကြည်"ဟူသောစကားလုံးကို ပါးစပ်ဖျားမှ မချ။လတ်သည် 'သန်းသန်းကြည်'ဟူသော အမည်နာမကြီးနှင့်တော့ ဘဝကို ရှေ့မဆက်လိုလှ။‌'နေခြည်လင်းလင်းလတ်'ဟု ရဲရဲဝင့်ဝင့်အမည်ပေးခဲ့သည့်အတွက်လည်း အမေ့အားများစွာကျေးဇူးတင်မိသည်။သို့မဟုတ်လျှင် လတ်၏အမကြီး 'ညိုညိုမြင့်'ကဲ့သို့ တစ်ဘဝလုံးနာမည်ပြောင်းပေးဖို့ပူစာရင်း အသက်ကြီးရပေတော့မည်။
         လတ်သည် ထိုကဲ့သို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အမြတ်တနိုးထားရသောနေ့ထူးနေ့မြတ်တွင်မွေးဖွားခဲ့သူဖြစ်သဖြင့် အဘိုး၊အဘွား အဆွေအမျိုးတို့၏ချစ်ချင်းကို ခံခဲ့ရလိမ့်မည်ဟု တွေးထားမိလျှင်မူ အမှားကြီးမှားသွား‌ပေလိမ့်မည်။လတ်သည် သာမာန်မိသားစုတစ်ခုတွင် အလွန်သာမာန်ကျစွာမွေးဖွားလာခဲ့သော ခပ်မှိန်မှိန်သမီးတစ်ယောက်မျှသာ ဖြစ်လေသည်။‌ထူးခြား‌သောမွေးနေ့ကို ပိုင်ဆိုင်ထားသည်မှလွဲ၍ လတ်တွင် သာမာန်ထက်ထူးခြားနေတာမျိုး ဘာမျှမရှိ။လတ်သည် ငယ်ရွယ်စဉ်ကတည်းက အဘိုးအဘွားအဆွေအမျိုးတို့နှင့်ကွဲကွာကာ အဘိုးအဘွားတို့ထံမှ ချစ်ခင်‌ပွေ့ဖက်ခြင်းကို မခံခဲ့ရ၍ပဲလား သို့တည်းမဟုတ် လတ်ကိုယ်တိုင်ကပဲ လူတွေအပေါ် အေးစက်စက်ဆက်ဆံတတ်သည့် မွေးရာပါဉာဉ်ကြောင့်ပဲလားတော့ မ‌ပြောတတ်။ဆွေးမျိုးများ၏အပေါ်တွင် သံယောဇဉ်နှင့်တွယ်တာမှုဟူ၍ သိပ်မရှိ။ထိုအရာကပဲ လတ်၏ထူးခြားမှုတစ်ခု ဖြစ်နေလေသလားတော့ မ‌ပြောတတ်။
       သည်စိတ်သည် ငယ်တုန်းရွယ်တုန်းမို့ဖြစ်တာလားဆိုတော့ မဟုတ်။ကြီးလာတော့လည်း ဆွေရယ်၊မျိုးရယ်၊ဘိုးရယ်၊ဘွားရယ်ဟူ၍ ခင်ခင်မင်မင်ဖော်ဖော်ရွေရွေသိပ်မရှိခဲ့။လတ် ခေါ်ချင်မှခေါ်သည်။‌ပြောချင်မှလည်းပြောသည်။လတ်အား လတ်မလုပ်ထားသောကိစ္စများစွပ်စွဲပြောဆိုလာလျှင် လူကြီးသူမပင်ဖြစ်လင့်ကစား ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်သည်။ထိုအခါ 'မဟုတ်မခံ၊ခွန်းတုံ့ပြန်က၊မှန်သော်လည်းရှုံး၊လူကြီးမုန်း၏"ဟူသောစကားဆိုနှင့် သွားငြိကာ လတ်သည် လူအများ၏ မနှစ်မြှို့ခြင်းကို မကြာခဏခံရတော့သည်။လတ်သည် အရက်‌သောက်တတ်သောအဘိုးကြီးများ၊အတင်းပြောတတ်သော အဘွားကြီးများ၏ အဆုံးအမများကိုလည်း မခံယူချင်။မိမိမှန်သည်ဟု ယူဆထားမိပြီဆိုလျှင် မိဘ၊မောင်နှမများပင်ဖြစ်လင့်ကစား သည်းမခံ။ထို့‌ကြောင့် လတ်သည်တစ်ကိုယ်ကောင်းဆန်သောစိတ်၊ဆတ်ဆတ်ထိမခံတတ်သောစိတ်တို့နှင့်‌အတူ မွေးဖွားလာသည်ဟု ဆွေမျိုး၊မိတ်‌ဆွေများ၏ အကြားတွင် တစ်စတစ်စ သတင်းမွှေးလာခဲ့သည်။ထို့ကြောင့်လည်း ဆွေမျိုးများက လတ်ကိုဆို ကြည့်၍မရကြ။အဖေ၏အမျိုးများသည် 'ဒင်း အမေဘက်က အမျိုးတွေတူလို့ အကျင့်မကောင်းတာပါ‌တော်၊ကျုပ်တို့ အမျိုး‌ဘက်တူရင်‌ ဒါမျိုးဖြစ်မှာ မဟုတ်‌ပေါင်' ဟု ပုတ်ခတ်တတ်ပြီး၊အမေ၏ အမျိုးများကလည်း သည်အတိုင်း တစ်လေသံတည်း ထွက်၏။လတ်၏ လွဲမှားနေသော နေထိုင်မှုပုံစံနှင့် ပတ်သက်၍ ဘယ်သူကမျှ ပြုပြင်ပေးခြင်းမပြုခဲ့ကြဘဲ အပြစ်ချည်းသာ တင်နေခဲ့ကြလေသည်။
       ငယ်ရွယ်သော လတ်သည် ထိုစကားများကို ကြိမ်ဖန်များစွာကြားရတိုင်း အော်ဟစ်၍ ငိုယိုပစ်တတ်သည်။‌လတ်မမှားပါဘဲ လတ်၏ အမှားဟု အပြောခံရတိုင်းလည်း အသားနာရသည်ထက် ရင်ထဲကသာ၍ နာသည်။သို့သော် လတ်၏ စိတ်ခံစားချက်ကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြပါ။အတင်းပြောစရာတစ်ခုရသည်ဟု သဘောထား၍ လတ်၏အမှားများကိုသာ မျက်စိဒေါက်ထောက်၍ ကြည့်နေခဲ့ကြသည်။ကြာလာတော့ လတ်သည် ဘယ်သူတွေဘာပြော‌ပြော ဂရုမစိုက်ဘဲ နေတတ်လာသည်။ထိုသူများသည် လတ်ဘဝအတွက် အရေးမပါသောလူစိမ်းများဟုလည်း မှတ်ယူတတ်လာသည်။
       ဆယ်ကျော်သက်အရွယ်သို့ ရောက်လာတော့ ဆွေမျိုးများအပေါ်တွင် တစိမ်းတရံဆန်ဆန် ဆက်ဆံတတ်မှုကြောင့် "အကြည်၊နင်ဟာလေ ရုပ်ကလေး‌လှသလောက် ဘာဖြစ်တယ်၊ညာဖြစ်တယ်"ဟူသော စကားကို နေ့စဉ်နှင့်အမျှ နားနှင့်မဆံ့အောင် ကြားလာရပြန်သည်။ရုပ်ရည်ပြည့်စုံသူတို့သည် အရာရာတွင် ပြည့်စုံ၊တတ်ကျွမ်းပြီးသားဖြစ်နေတာမျိုးလည်း မဟုတ်။ရုပ်လှသည့်လူတွေလည်း သင်ကြားပြသဆုံးမခံရဖို့ရန် လိုအပ်ပါသေးသည်။သူတို့ဝိုင်းဝန်းကဲ့ရဲ့ခဲ့ကြ၍ လတ်သည်အရင်ကထက် ပိုဆိုးသည့် လူမှုဆက်ဆံရေးမျိုးရှိနေခဲ့သည် မဟုတ်ပါလား။ယခုအချိန်ရောက်မှ လတ်ဆီမှ ကောင်း‌သော တုန့်ပြန်မှု‌တွေပြန်ရဖို့ မျှော်လင့်နေကြသည်မှာ အတ္တကြီးလွန်းလှသည်ဟု ထင်မိသည်။လတ်နှင့် မကင်းရာမကင်းကြောင်း ဆွေမျိုး၊မိတ်ဆွေ၊အသိအကျွမ်းများသည် လတ်ကိုငယ်သေး၍ ဘာမျှမသိတတ်လှသေးဟုထင်ကာ ပြောချင်ရာပြော၍ ဝေဖန်မှုပြုခဲ့ကြသည်။ထို့နောက် ပြီးပြီးပျောက်ပျောက်ပင် မေ့ပစ်လိုက်ကြ၏။သို့သော် လတ်သည် စိဉ္စမာနလို အမျက်၊အညိုးကြီးသော မိန်းမမျိုးဖြစ်သည်။မိမိအား မည်သူကမည်သို့မည်ပုံပြောထားသည်၊ဘယ်ကဲ့သို့နစ်နာ‌စေခဲ့သည်ဟူသော အ‌ကြောင်းအချင်းအရာများကို ဘယ်တော့မျှမမေ့။ပြောသမျှကို တစ်ခွန်းမကျန် မှတ်ထားသည်။      
      အရွယ်‌ရောက်လာချိန်တွင် အခွင့်အခါသင့်လျှင် သင့်သလို"အဲ့ဒီတုန်းက လတ်ကို အန်တီတို့ ဘယ်လိုပြောခဲ့တာလေ၊မမနီ လတ်ကို ဘယ်လို ပြောခဲ့တာပါကော၊ ဘလေးပဲ ပြောတာလေ လတ်ကို ဘလေးတို့ အမျိုးဖက် တူတာမဟုတ်ဘူးလို့"ဟု ပြုံးပြုံးကလေး ပြန်ပြောကာ လက်စားချေတတ်လေသည်။ထိုအခါ လတ်သည် လောကဝတ်မသိသော၊အသက်ဂုဏ်ဝါကြီးသူအပေါ်တွင်ပင်လျှင် မောက်မာတတ်သောသူဟူ၍ ဂုဏ်ပုဒ်တစ်ခု ထပ်တိုးလာပြန်လေသည်။ထို့ကြောင့် လတ်အိမ်မှာရှိနေလျှင် အိမ်သို့ ဘယ်ဆွေမျိုးမျှ မလာချင်ကြ။လာလျှင်လည်း သူတို့၏ အပြစ်များကို ဆီအပေါက်ရှာသလိုရှာကာ ခနဲ့တတ်သော လတ်နှင့် စကားမပြောလိုကြ။
       ထိုသို့‌သောအပြောမျိုးကို အသိမိတ်ဆွေများပါမက အဖေ၊အမေ၊မမကြီး‌ နှင့်ကောင်းခန့်တို့ကပါ‌ ကြောက်ကြသည်။လတ်၏ လှပ‌သောရုပ်ရည်နှင့် ပြည့်စုံ‌သောခန္ဓာကိုယ်သည် လတ်၏ ကုသိုလ်သာဖြစ်သည်။အ‌ဖေ၊အမေနှင့်အဆွေအမျိုးများကို တူ၍ ဖြစ်လာရခြင်းလည်းမဟုတ်။ဘာကြောင့်များ ရုပ်လှတာနှင့်ပဲ ၎င်းတို့၏ အရာရာကို သည်းခံပေးနေရပါမည်နည်း။လတ်တစ်ယောက် လှမလာခင်အချိန်တုန်းကရော သူတို့တွေသည် လတ်ကို သည်းခံပေးခဲ့ကြသတဲ့လား။လတ်သည် အမျိုး၊အဆွေ၊အဘိုး၊အဘွားတို့၏ အချစ်ကို မလိုချင်ဘူးဟု ပြောလျှင် လိမ်ရာကျပါလိမ့်မည်။အမှန်တကယ် သူတို့ဆီမှ ချစ်ခြင်းမေတ္တာကို မက်မောပါသည်။ရဖို့ရန်လည်း  တိတ်တခိုးမျှော်လင့်ခဲ့ဖူးပါသည်။သို့သော် မရနိုင်မှန်းသိ၍ လက်လျော့ပစ်လိုက်သည်မှာ ဘယ်အချိန်ကတည်းကမှန်းတောင် မမှတ်မိတော့။
       လတ်သည် အဖေ့ကိုချစ်သည်။အမေ့ကိုချစ်သည်။မမကြီးညိုညိုမြင့်ကိုချစ်သည်။မောင်လေး ကောင်းခန့်ကိုချစ်သည်။သူတို့‌တွေကို လတ်က ချစ်သော်လည်း သူတို့ကတော့ လတ်ကို မချစ်ကြဘူးဟု မကြာခဏ တွေးထင်မိသည်။လတ်သည် သမီးအလတ်ဖြစ်သဖြင့် အရာရာတွင် လပ်ဟာလှသည် ဟု ထင်မိသည်။မမကြီးညိုညိုမြင့်သည် ဆွေနှင့်မျိုးနှင့်၊အဘိုးများ၊အဘွားများနှင့်အတူ အချိန်ကာလတစ်ခုအထိနေထိုင်ခဲ့ရဖူးသဖြင့် ဆွေမျိုးများ၏ချစ်ချင်းကို ခံရသည်။သမီးဦးဖြစ်သဖြင့်လည်း အမေနှင့်အဖေက အလွန်ချစ်သည်။မောင်လေးကောင်းခန့်သည်လည်း လတ်တို့မိသားစု၏ တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်သဖြင့် အချစ်ခံရသည်မှာ ပြောဖွယ်ရာပင်မရှိ။အချစ်မခံရတာက လတ်ပဲဖြစ်သည်။အဖေနှင့်အမေသည် လတ်ကို ချစ်ကားချစ်ပါလိမ့်မည်။သို့သော်လတ်သည် ထိုအချစ်ကို မခံစားမိ။မမကြီးနှင့် ကောင်းခန့်တို့၏အပေါ်တွင် အဖေနှင့်အမေတို့ မည်မျှ သည်းသည်းလှုပ်ချစ်သည်ကိုသာ ခံစားမိသည်။လတ်အတွက် ဆွေမျိုးဟူသည်မှာ စတုထ္တတန်းကို မိဘများ၏ မွေးရပ်တွင် သွားရောက်တက်ခဲ့ရ၍သာ သိကျွမ်းဖူးခြင်းဖြစ်လေသည်။ထိုအ‌တွေ့အကြုံကြောင့်လည်း ဆွေမျိုးတို့၏အပေါ်တွင် မခင်တွယ်မိခြင်းဖြစ်ပုံရသည်။လတ်သည် လတ်ဆိုသည့် အမည်အတိုင်း မိဘလပ်၊ဆွေမျိုးလပ်နှင့် အရာရာတွင် လပ်‌၍နေလေသည်။
      လတ်သည် ငယ်စဉ်က ပြဿနာတစ်ခုမဟုတ်တစ်ခုရှာကာ အဖေနှင့်အမေတို့၏ ဂရုစိုက်မှုကို တောင်းခံတတ်သည်။ထို့ကြောင့်လည်း အိမ်တွင် မကြာခဏအရိုက်ခံရလေ့ရှိကာ အိမ်တွင် လတ်ရှိနေသည့် အခါတိုင်း ဆူပူကြိမ်းမောင်းသံတို့သည် စဲသည်မရှိ။မမကြီးသည် ငယ်စဉ်ကတည်းက လိမ္မာသိတတ်သည်၊စာကြိုးစားသည်၊မိဘကူညီသည်၊မိန်းက‌လေးပီသ၍ ယဉ်ကျေးသိမ့်မွှေ့သည်ဟု ပတ်ဝန်းကျင်တွင် ကျော်ဇောလှသည်။ထိုကြောင့် အိမ်ပြင်မှာ‌ရော၊အိမ်တွင်းမှာပါ လတ်သည် မမကြီးနှင့်နှိုင်းယှဉ်၍ အနှိမ်ခံရတတ်သည်။
      ဆယ်ကျော်သက်ဘဝသို ရောက်လာချိန်တွင် လတ်သည် မိသားစုတွင်းမှ၊မိတ်ဆွေတွင်းမှ တစ်စုံတစ်ဦးနှင့် စကားလက်ဆုံကျသည်ဟူ၍ သိပ်မရှိတော့။အသက်မရှိသော လူတစ်ယောက်ကဲ့သို့ ကျောင်းတွင်းမှာရော အိမ်မှာပါ တိတ်ဆိတ်စွာ နေထိုင်ခဲ့သည်။အိမ်တွင် ဖြစ်သမျှကိစ္စအဝဝကိုလည်း စိတ်မဝင်စားတော့သကဲ့သို့ အဖေအရက်မူးကာ အမေနှင့်ရန်ဖြစ်ကြသည့်အခါတိုင်း မမကြီးနှင့်မောင်လေးသည် ငိုယို၍ အဖေနှင့်အမေကိုဆွဲရင်း အလုပ်ရှုပ်ကြသော်လည်း လတ်ကတော့ ချောင်တစ်ခုခုတွင် တိတ်ဆိတ်စွာစာဖတ်နေတာမျိုး၊အပင်လေးတွေကို ကြည့်နေတာမျိုး၊အိပ်နေတာမျိုးတွေလုပ်နေတတ်သည်။
      ငယ်ငယ်က‌လောက် အ‌ဖေနှင့်အမေ၏ စိတ်ဝင်စားမှုနှင့်မေတ္တာကိုလည်း လိုချင်စိတ်မပြင်းပြတော့။အမျိုး၊အဆွေတို့ထံမှ ချစ်ခြင်းကိုလည်း မတောင့်တတော့။ဘာကြောင့် ဒီလိုဖြစ်သွားသည်ကို လတ်ကိုယ်တိုင်လည်း နားမလည်။ငယ်လွန်း‌သေးသဖြင့် ထိုစိတ်ကို မည်သို့ ခေါင်းစဉ်တတ်ရမလဲလည်း မသိခဲ့။လောကကြီးကိုစိတ်နာသွားသည်ဟု ပြောဖို့ရန်မှာလည်း ထိုအချိန်က လတ်သည် ငယ်လွန်းခဲ့သေးသည် မဟုတ်လား။အမှန်မှာ ထိုအချိန်ကတည်းက လတ်၏ကိုယ်တွင်းတွင် တစ်ကိုယ်ကောင်းစိတ်တို့ တဖြည်းဖြည်းကြီးထွားလာနေခြင်းဖြစ်သည်ကိုမူ အသက်ကြီးလာမှသာ သဘောပေါက်ရတော့သည်။
      လတ်တို့မိသားစုသည် ဆင်းရဲလွန်းလှသဖြင့် ရေကြည်ရာမြက်နုရာသို့ လှည့်လည်သွားလာကာ စားဝတ်နေရေးအတွက် စီးပွားရှာရင်း လတ်တို့ မောင်နှမတွေလည်း တစ်ကျောင်းပြီးတစ်‌ကျောင်း ပြောင်း၍ တက်ခဲ့ရသည်။ဥာဏ်အ‌တော်ကလေးကောင်းလှသော လတ်၏မမကြီးညိုညိုမြင့်နှင့် မောင်လေးကောင်းခန့်တို့သည် ကျောင်းခဏခဏပြောင်းနေရခြင်းအတွက် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ဉာဏ်မကောင်းလှသောလတ်သည် ‌စာသင်ခန်း၏ တစ်ခုသောထောင့်တွင် ကျောင်းစာများကို မနှစ်မြှိ့ရင်း အချိန်များကို တိတ်ဆိတ်စွာ‌‌ကုန်လွန်ခဲ့ရသည်။ထို့‌ကြောင့်လည်း လတ်တွင် သူငယ်ချင်းဟူ၍ များများစားစား မရှိခဲ့။မူလတန်းတက်ခဲ့စဥ်ကတော့ လတ်တွင် ရှားရှားပါးပါးနှင်းနှင်းအေးဆိုသည့် သူငယ်ချင်းလေးတစ်ယောက်ရှိခဲ့ဖူးပါသည်။
  နှင်းနှင်း‌အေးသည် အသားဖြူဖြူ၊ကျုံလှီလှီနှင့် အမြဲနှပ်ချီးပေနေသောကောင်မလေး‌တစ်ယောက်ဖြစ်ပြီး သူမ၏ခေါင်းထဲတွင်မူ သန်းမကြီး၊သန်းသေးလေး၊သန်းလတ်၊သန်းဥပိန်၊သန်းဥ‌ဖောင်းတို့နှင့်ပြည့်နှက်နေကာ နားပြည်ယိုတတ်သည့် ရောဂါကလည်းရှိသေးသည်။ထို့ကြောင့် သူမကို အတန်းထဲမှ မည်သူကမျှ သူငယ်ချင်းအဖြစ် မပေါင်းသင်းလိုကြချေ။အသန့်ကြိုက်သော လတ်သည်လည်း တွေ့စတုန်းကတော့ နှင်းနှင်းအေးကို မခေါ်၊မပြောချင်။သူမဘက်မှစ၍ စကားပြောလာသည်ကိုလည်း ရွံသဖြင့် စကားပြန်မပြောမိ။
      သို့သော် လတ်တို့နှစ်ဦးသည် အတန်းထဲတွင် တိတ်ဆိတ်သောအပယ်ခံများ၊စာညံ့သူများ ဖြစ်ကြသဖြင့် မကြာမှီမှာပင် တွဲဖက်ညီခဲ့ကြ‌လေသည်။လတ်နှင့်နှင်းနှင်းအေးတို့ သူငယ်ချင်းဖြစ်သွားခဲ့ကြပြီးနောက် များမကြာမှီ လတ်၏ခေါင်းပေါ်သို့ သန်းမိသားစုကြီး ရောက်လာခဲ့သည်။ထိုသန်းမိသားစုကြီးသည် လတ်၏ခေါင်း‌ပေါ်မှတစ်ဆင့်မမညို၏ ခေါင်းပေါ်သို့လည်း ရောက်သွား၏။ထိုကိစ္စနှင့် ပတ်သက်၍ လတ်သည် အမေ၏ နှင်းနှင်းအေးနှင့် အပေါင်းအသင်းမလုပ်ရန်‌ အော်ဟစ်ကြိမ်းမောင်းခြင်းကို မကြာခဏခံရသည်။
        တစ်ခါတွင် လတ်သည် 'လတ်မှာ သည်သူငယ်ချင်းတစ်ယောက်တည်းပဲရှိတာပါ'ဟု ပြန်ပြောသဖြင့် အရိုက်ခံရသည်။သို့အတွက် လတ်သည် ငိုယိုခြင်းအလျှင်းမရှိဘဲ လတ်ကို တဖျန်းဖျန်းရိုက်‌နေသည့်အမေ့ကိုသာ ငူငူကြီးစိုက်ကြည့်နေခဲ့လေသည်။ထိုအချိန်တွင် တစ်ဖက်အိမ်၌ စကားဝိုင်းဖွဲ့နေသော အဖေသည် အပြေးအလွှားရောက်လာ၍ "မအေရယ် ကလေးကို ဒီလောက်ရိုက်လို့၊စကားနဲ့ပြောပါဟ မင်းဟာက၊ထစ်ကနဲရှိ ရိုက်မယ်ဆိုတာချည်းပဲ"ဟု အော်ကာ ဝင်၍ တားလေသည်။ထိုအခါမှသာ အမေသည် ရိုက်ခြင်းကို လက်စသတ်၍ စိတ်ဆိုးဆိုးနှင့် မီးဖိုချောင်သို့ဝင်သွားတော့သည်။ပါးစပ်မှလည်း

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now