ကြီးမားကျယ်ပြန့်လှတဲ့တောင်တန်းကြီးတွေဝန်းရံလျက် စိမ်းစိုအုံ့မှိုင်းနေသော တောအုပ်ကြီးများဟာ ပဥ္စလက်ဆန်စွာလှပလျက်ရှိသည်။ ပင်မရေတံခွန်ကြီးမှစီးဆင်းလာသော စိမ့်စမ်းရေအေးအေးလေးတွေဟာ ရေတံခွန်ငယ်များအဖြစ် ဖြန့်ကျက်စီးဆင်းသွားသောကြောင့် ရှုမငြီးလှသော သဘာဝတရားကြီးကို အေးအေးလူလူခံစားနိုင်သော နေရာဒေသလေးတစ်ခု။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ပယောဂမှမပါပါဘဲလှချင်တိုင်းလှနေသော သဘာဝတရားကြီးကို တန်ဆာဆင်နေသူတို့ကတော့ ဟိုဟိုဒီဒီက တေးသီကျေးငှက်လေးတို့ဖြစ်ပေမည်။ ဤနေရာသည်ကား နတ်သူငယ်တို့နေထိုင်ရာ ဘုံဗိမ္ဗာန်တစ်ခုပေတည်း...
လူတို့နေထိုင်ရာအရပ်ဒေသတို့နဲ့ အတော်အတန်ဝေးရာမှာ နတ်သူငယ်တို့နေထိုင်ကြသည်ဆိုသော ပါးစပ်ရာဇဝင်များကိုမူ လူတိုင်းကြားဖူးနားဝရှိကြပေလိမ့်မည်။ လူတို့သည် သူတို့အလိုရှိရာရာတို့ကို နတ်သူငယ်တို့အား တိုင်တန်းတောင်းတလျှင်ရနိုင်သည်ဟူသော အယူများလည်းရှိကြပေသည်။ တောင်သူတို့က မိုးရွာဖို့ဆုတောင်းကြသလို သီးနှံဖွံ့ဖြိုးဖို့ကိုပါဆုတောင်းကြလိမ့်မည်။ ထို့အတူ မကျန်းမာသူများက ကျန်းမာစေရန် အဆင်မပြေသူများက အဆင်ပြေစေရန် စသော ဆုတောင်းအမျိုးမျိုးတို့ကို နတ်သူငယ်တို့ထံ ပန်ကြားတောင်းခံတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ အားလုံးသော ဆုတောင်းတို့ကိုခြုံကြည့်လိုက်မည်ဆိုလျှင် ပျော်ရွှင်စွာရှင်သန်နေထိုင်နိုင်ကြရန်သာဖြစ်သည်။ ဤသည်ကား နတ်သူငယ်တို့၏တည်ရှိနေမှုကို ယုံကြည်ကြခြင်းသာတည်း....
လူတို့ယုံကြည်ကိုးကွယ်နေကြသော နတ်သူငယ်တို့သည်ကား စင်စစ်တည်ရှိနေပါသလော....
ဤသည်ကား မည်သူမျှလက်တွေ့တပ်အပ်မပြောနိုင်သော လျှို့ဝှက်စွာဖြစ်တည်မှုပါပေတကား....ယခုမူ ထိုနတ်သူငယ်တို့အကြောင်းတစေ့တစောင်းကို ဖွင့်ချပြသရန်အချိန်ပါပေတည်း.....
----------
နယ်လန်းဗို (Nelumbo )ဆိုသည့်အမည်နာမလေးတစ်ခုသည် နတ်ဘုံနတ်နန်းတို့ကြားတွင် ထင်ရှားကျော်ဇောသော နာမည်လေးတစ်ခုဖြစ်သည်။ ထိုဘုံဗိမ္ဗာန်လေးတွင်နေထိုင်ကြသော နတ်သူငယ်တို့သည် အခြားဘုံဗိမ္ဗာန်များကဲ့သို့ တသီးတခြားတည်ရှိနေခြင်းမျိုးမဟုတ် ၊ လူတို့နေထိုင်ရာ ကမ္ဘာမြေကြီးနှင့် အနီးစပ်ဆုံးတွင်သာတည်ရှိခြင်းဖြစ်သည်။ ထိုနတ်သူငယ်တို့သည် လူတို့နေထိုင်ရာကမ္ဘာမြေကြီးကိုစောင့်ရှောက်ရမည့်တာဝန်ကိုထမ်းဆောင်ကြသူများသာဖြစ်သည်။