Unicode
မြူနှင်းတွေဝေနေတဲ့မနက်စောစောရဲ့ရာသီဥတုက အသည်းခိုက်အောင်အေးလွန်းလှသည်။ တစ်ရက်တာစီးနင်းလာရတဲ့ရထားခရီးတစ်တန်ကြောင့် အခုလိုမနက်စောစောမှာဆိုက်ရောက်လာရတာဖြစ်ပြီး လာခေါ်မယ့်ရထားလုံးကိုစောင့်နေရင်း သူ့ရဲ့အညိုရောင်လောင်းကုတ်ရှည်ပခုံးပေါ်မှာကျရောက်နေတဲ့ ဆီးနှင်းတွေကိုလက်ဖြင့်ဖယ်ချနေမိသည်။ အနွေးလက်အိတ်တွေစွပ်ထားတာတောင် အအေးဒဏ်ကြောင့်ကျင်နေတဲ့သူ့လက်ချောင်းတွေကို သိပ်ပြီးခံစားလို့မရ။ ဒီလိုထူထဲနေတဲ့ဆီးနှင်းတွေကြား နေရောင်ကိုမြင်ရဖို့ဆိုတာကလည်း နာရီအတော်ကြာ ကြာမြင့်ဦးမှာမို့ တုန်ခိုက်နေတဲ့ခန္ဓာကိုယ်ကိုခဏတာလျစ်လျူရှုကာ ဝဲဘက်ရင်ဘတ်အိတ်ကပ်ထဲက နာရီလေးကိုထုတ်ကာကြည့်လိုက်တော့ အချိန်အားဖြင့် မနက်ခြောက်နာရီရှိပြီဖြစ်သည်။ ချမ်းအေးလွန်းတဲ့ရာသီဥတုကြားထဲ လေအေးကတစ်ချက်ဝှေ့ကာတိုက်သွားတော့ တစ်ကိုယ်လုံးတုန်ယင်ကာ ကုတ်အနွေးထည်ရှည်ကြီးကိုပိုပြီးလုံစေရန် လက်ဖြင့်ဆွဲကာစိထားမိသည်။ တစ်မိသားစုလုံးကဒီကိုခရီးထွက်လာခြင်းအား မကြိုက်ကြသော်လည်း ဘယ်အရာကိုမဆိုပြီးပြည့်စုံအောင်လုပ်တတ်တဲ့သူ့ကြောင့် ခွင့်မပြုချင်ပေမယ့်ခွင့်ပြုလိုက်ရကာ နေဖို့ထိုင်ဖို့ကိုတော့ဒီမြို့မှာရှိတဲ့ အဖေ့မိတ်ဆွေရဲ့စံအိမ်ကြီးမှာတည်းရဖို့လွန်ခဲ့တဲ့နှစ်ပတ်လောက်အလိုကတည်းက စံအိမ်ကြီးရဲ့ဆက်ခံသူကိုလှမ်းအကြောင်းကြားပြီးသားဖြစ်သည်။
ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့သီးခြားမြို့တစ်မြို့မှာရောက်ရှိနေတာကြောင့် အရာအားလုံးဟာအသားကျမှုမရှိပဲ ရှေ့ဆက်လည်းဘယ်လိုဖြစ်လာမလဲဆိုတာတွေးတောနေမိသည်။ သူဒီမြို့ကိုရောက်လာရခြင်းအကြောင်းပြချက်က စာတမ်းပြုစုဖို့ပင်။ ခေါင်းစဥ်မရွေးရသေးပေမယ့်ဘာကြောင့်ရယ်မသိ အဖေ့ဆီကနေဒီမြို့လေးအကြောင်းကြားပြီးကတည်းက အရမ်းကိုလာချင်ခဲ့တာ။ အခုတော့ဖြင့် ဆီးနှင်းတွေကျနေတဲ့ရာသီဥတုကြားထဲ နီယွန်မီးဖျော့ဖျော့အလင်းရောင်အောက်မှာ သူဟာလာကြိုဖို့လွှတ်ပေးလိုက်တဲ့ရထားလုံးကိုအဝတ်သေတ္တာတစ်ခုဖြင့် ထိုင်မျှော်နေရတော့သည်။
YOU ARE READING
Heliophobia {Completed}
Fanfictionထူးဆန်းတဲ့ရောဂါရှိတဲ့ စံအိမ်ပိုင်ရှင်တစ်ယောက်နဲ့ မြို့လေးကိုခဏလာလည်တဲ့ဧည့်သည်လေးရဲ့ချစ်ခြင်းမေတ္တာ။