Brown Cliff - 2

3.5K 402 25
                                    

အချိန်ပိုင်းအလုပ်ကို လာလုပ်လို့ရပြီဖြစ်ကြောင်းနှင့် ကိုယ်လုပ်ပေးနိုင်သည့်အချိန်ကို schedule မှာ လာညှိဖို့ ဖုန်းဆက်လာတော့ ရိပေါ် အတော်လေးပျော်သွားသည်။ ပါးနဲ့မားက အစပိုင်းတော့ သူအလုပ်လုပ်မှာကို ခွင့်မပြုချင်သလို အင်တင်တင်ဖြစ်နေသည်။

မနက်စာ ကော်ဖီပွဲဝိုင်းမှာ ရိပေါ်က ထိုအကြောင်းပြောပြတော့ ပါးက

"နေပါဦး သားငယ်က မုန့်ဖိုးပိုလိုချင်တာလား။ ပါးကပေးတာမလောက်ရင် ထပ်တိုးပေးမယ်ကွာ။ ၁၉ နှစ်ပဲရှိသေးတဲ့သားကို ပါးက အလုပ်မလုပ်စေချင်သေးဘူး"

မားကလည်း ပါးနဲ့တစ်သဘောတည်းပင်။ သူမက သားဖြစ်သူချွဲလိုက်ရင် ပျော့သွားတတ်လို့ သားကို မတားနိုင်တာကြောင့် ဖအေလုပ်သူက တားမြစ်နေတာကို သဘောကျနေသည်။ ဘေးကနေ ဘာမှဝင်မပြောဘဲ သားငယ်အတွက် နွားနို့ကို ငှဲ့ထည့်ပေးနေသည်။

"၁၉ နှစ်ဆိုတာ ကလေးမှမဟုတ်တော့ဘဲ ပါးရာ။ အနောက်နိုင်ငံတွေမှာဆို ၁၈ နှစ်ပြည့်ရင် ကိုယ့်အသုံးစရိတ်ကိုယ့်ဖာသာရှာသုံးနေကြပြီလေ။ သားတို့အတန်းထဲမှာလည်း အချိန်ပိုင်းလုပ်ရင်း ကျောင်းတက်နေတဲ့သူငယ်ချင်းတွေရှိပါတယ်ပါးရဲ့"

"ဒါတော့ ဒါပေါ့သားရယ်။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေမတူကြဘူးလေ။ သားက အလုပ်ထွက်လုပ်ချင်တာ ပါးကမရှာနိုင်တော့ဘူးဆိုတဲ့သဘော..."

"ဟာ ပါးပါး... မဟုတ်ဘူးနော်။ နိုး နိုး နိုး အဲ့လိုလုံးဝမဟုတ်ဘူး ပါးရာ။ သားရဲ့ပါးက သားတို့မိသားစုအပေါ် ဘယ်လောက်ဖြည့်ဆည်းပေးနိုင်လဲ သားသိတာပေါ့။ ပါး က လဲ ဗျာ"

ရိပေါ်က ထိုင်ခုံမှာထိုင်နေရာက ဆင်းပြီး ပါးပါးရဲ့ ခြေရင်းမှာ ဒူးထောက်ထိုင်လို့ ပါးရဲ့ခါးကို ဖက်ထားပြီး ရင်ခွင်ထဲတိုးဝှေ့ကာ ချွဲနေသည်။

"ပိုက်ဆံက သုံးရင်သာ လွယ်တာ။ ရှာရတာ ဘယ်လောက်ခက်လိုက်သလဲဆိုတာ သားသိပါတယ် ပါးပါးရဲ့။ ငွေတန်ဖိုးကို ပိုသိရအောင်လည်း သားကအလုပ်လုပ်ကြည့်ချင်တာပါ။"

တတွတ်တွတ်ပြောနေတဲ့ သူ့စကားကို ပါးကသေချာနားထောင်နေသည်။ ရိပေါ်က အားတက်သွားပြီး ဆက်ပြောသည်။

Brown Cliff (အညိုရောင်ချောက်ကမ်းပါး)Where stories live. Discover now