Brown Cliff - 6

3.7K 414 42
                                    

စာမေးပွဲရှိနေတာကြောင့် ရိပေါ် ဆိုင်ကနေ ခွင့်ယူထားသလို ဦးနဲ့လည်းလူချင်းမတွေ့ဖြစ်ဘဲ ညတိုင်း မှန်ပြောင်းနဲ့သာ ဦးကို လှမ်းကြည့်နေဖြစ်သည်။ ဦးကလည်း သူ့ကို လှမ်းကြည့်သည်နှင့် နှစ်ယောက်သားဆုံကြသည့်အခါ ဦးက ဘယ်လိုနေမည်မသိ။ ရိပေါ်မှာတော့ ရင်ခုန်လွန်း၊ ကြည်နူးလွန်းလို့ ခြေဖျားလက်ဖျားတွေ အေးတစ်လှည့် နွေးတစ်လှည့် ဖြစ်သွားတတ်သည်။

ဖုန်းပြောရင်ကျ ညလူခြေတိတ်ချိန်ဆို ပါးနဲ့မားကြားမည်စိုးတာကြောင့် သူတို့ ဖုန်းမပြောဖြစ်ကြပါ။ ဖုန်းပြောလည်း ဦးကပြောတာထက် ရိပေါ်တစ်ယောက်တည်းကပဲ ပြောနေရသလိုဖြစ်နေတော့ ဘာမှတော့ မထူးလှပေ။

ရိပေါ် ကျောင်းကအပြန် အိမ်ထဲဝင်လာတော့ သူတို့အိမ်နဲ့ မျက်စောင်းထိုးအိမ်က အန်တီရီ ရောက်နေတာကိုတွေ့ရသည်။

"မား သားပြန်လာပါပြီ"

သူ့နှုတ်ဆက်သံကြောင့် မားနဲ့အန်တီရီတို့ စကားပြောနေကြတာရပ်သွားပြီး အနည်းငယ်လန့်သွား ကြသလိုပင်။ အန်တီရီက မျက်နှာကို ပြင်လိုက်ပြီး

"ဟော ရိပေါ်လေးပြန်လာပြီလား။ စာမေးပွဲဖြေနေရတာဆို သား။ ဖြေနိုင်တယ်မဟုတ်လား"

"ဟုတ်ကဲ့ အန်တီရီ။ ဖြေနိုင်ပါတယ်"

"သားလေး... သားကြိုက်တဲ့ ကင်မ်ချီထမင်းကြော်စပ်စပ်လေးကြော်ထားတယ်နော်။ မီးဖိုပေါ်မှာ မီးနွေးနွေးနဲ့တင်ထားတာ။ ပူတုန်းစားလိုက်ဦး"

"မားက ခူးမပေးတော့ဘူးလား"

ရိပေါ်သည် စိတ်ကောက်ချင်သလိုလို ချွဲချွဲလေးပြောလိုက်တော့ မားက အန်တီရီကို အားနာစွာကြည့် ရင်း

"ဟင်းတွေက အုပ်ဆောင်းအောက်မှာ ခူးထားပြီးသားလေးသားရဲ့။ ထမင်းကြော်လေးပဲ ခူးထည့်စားရုံကို။ မားက ဒီမှာ ဧည့်သည်နဲ့စကားပြောနေတယ်လေကွယ်"

"ရီလည်းရောက်နေတာကြာနေပြီဆို‌တော့ ပြန်လိုက်တော့မယ် အစ်မဝမ်။ လုပ်ပေးလိုက်ပါ။ သားလေးက စာမေးပွဲဖြေလာတော့ သူ့မားမားဂရုစိုက်တာခံချင်မှာပေါ့"

အန်တီရီကရယ်မောပြောရင်း နှုတ်ဆက်ပြန်သွားသည်။ မားက ခြံတံခါးဝအထိလိုက်ပို့ပေးရင်း စကားတွေတီးတိုးပြောသွားကြပြန်သည်။ သူမသိစေချင်သောစကားတွေကို ပြောနေကြသလိုပင်။ ရိပေါ်က ပခုံးလေးတွန့်လိုက်ရင်း အပေါ်ထပ်ပြေးတက်ခဲ့လိုက်သည်။

Brown Cliff (အညိုရောင်ချောက်ကမ်းပါး)Where stories live. Discover now