သာမန်နေ့လေးပါပဲ။ ကျောင်းပိတ်ရက်ရှည်ဖြစ်တဲ့အတွက် မနက်ကိုစောစောထဖို့မလိုအပ်ပေမဲ့ နိုးလာချိန်မှာတော့ မေမေ့ကိုကူရင်း ကျော်ဖြတ်နေရတဲ့ဂျောင်ဝန်းအတွက်သာမန်နေ့လေးတစ်နေ့ပင်။
ပန်းကြိုက်တဲ့မိခင်ဖြစ်သူရဲ့ခိုင်းစေမှုကြောင့် ဂျောင်ဝန်းဟာ ခြံထဲကနေရာအလွတ်တစ်ခုမှာ မေမေဝယ်လာတဲ့ပန်းပင်လေးကိုစိုက်ဖို့ရာဟန်ပြင်နေခဲ့သည်။
ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဂျောင်ဝန်းအတွက်တော့ ခိုင်းထားတဲ့အလုပ်ပြီးသွားတဲ့အခါ အိမ်ထဲဝင်ပြီးကိုယ်လက်သန့်စင်ကာ စာအုပ်တစ်အုပ်နဲ့ငြိမ်နေတော့မယ်ဆိုတဲ့အတွေးလေးဖြင့်။
ဒါကြောင့်အလုပ်ကိုအမြန်အပြီးသပ်ဖို့လုပ်တယ်။ တစ်စုံတစ်ခုအပေါ်အရမ်းအာရုံစိုက်တဲ့အခါ ပတ်ဝန်းကျင်ကိုပါမေ့လျော့သွားတတ်သည်မှာဂျောင်ဝန်းရဲ့ပြင်မရတဲ့အကျင့်။
သူ့ခန္ဓာကိုယ်ကိုခဲလုံးလေးတစ်လုံးသာ လာမမှန်ခဲ့ဘူးဆို အာရုံကအပင်စိုက်ခြင်းမှလုံးဝပျံ့နှံ့သွားဖို့ရာမဖြစ်နိုင်ခဲ့ချေ။
ခဲလုံးလေးလို့သာဆိုပေမဲ့ အနည်းငယ်တော့ကြီးသည်ဟုပြောရမည်။ ဖြစ်ချင်တော့အလယ်ကျောရိုးတည့်တည့်ပေါ်လာမှန်သည့်အခါ သူ့မှာအောင့်ခနဲဖြစ်သွားရသည်။
တော်ရုံခံစားချက်တွေမပြတတ်သည့်ဂျောင်ဝန်းမျက်နှာမှာ ဒေါသရိပ်တို့သန်းလာပြီး သူ့ဆီလာရောက်မှန်တဲ့ခဲလုံးရဲ့ဦးတည်ရာသို့လှည့်ကြည့်မိတဲ့အခါ ပန်းရောင်ဆံပင်တွေနဲ့ခေါင်းလုံးလုံးကအရင် မျက်လုံးထဲထင်းခနဲဝင်လာသည်။ ပြီးမှ အပြုံးလှလှတစ်ခုရှိနေသည့်မျက်နှာဆီသို့။
" နာသွားလား။ နာလည်းနောက်မှပြော။ တံခါးလေးအရင်ဖွင့်ပေး "
ထင်ထားတာထက်စောရောက်လာလို့သူ့မှာအံ့ဩဖို့ပင်အချိန်မရလိုက်။ တစ်ဘက်လူ၏စကားပြောပုံကြောင့် ဂျောင်ဝန်းမျက်နှာထက်က မျက်ခုံးတန်းတို့မှာတစ်ချက်တွန့်ချိုးသွားသည်။
" အဲ့ဒီ့ဘက်ကဘယ်သူမလို့လဲ "
" ကားပျက်သွားလို့လမ်းလျှောက်လာရတာငါမောနေပြီ။ ရစ်မနေပဲတံခါးဖွင့်ပေးစမ်းပါ ယန်းဂျောင်ဝန်းရယ် "