ချစ်ရသူ၏ရင်ခွင်ထဲမှာနိုးထလာရသောမနက်ခင်းသည် ဘာနဲ့မှအစားထိုးမရနိုင်သောနွေးထွေးမှုနှင့်စိတ်ကျေနပ်မှုအားဆောနူကိုပေးစွမ်းလို့နေသည်။အိပ်နေသူရဲ့မျက်နှာလေးကိုကြည့်ရင်း တစ်နေ့တာကိုစတင်ရခြင်းမှာလည်း သာယာမှုအပြည့်။မျက်နှာချင်းဆိုင်အနေအထားဖြင့်ကြည့်နေရင်းမှ မနေနိုင်တော့သည့်လက်က ဂျောင်ဝန်းရဲ့မျက်နှာကိုခပ်ဖွဖွသွားပြီးထိတွေ့မိသေးသည်။
မှိတ်ကျနေတဲ့မျက်ခွံလေးတွေ၊ နှာခေါင်းမှတစ်ဆင့် နှုတ်ခမ်းဆီသို့ရောက်သွားတဲ့အခါ လက်ကရပ်တန့်လို့သွားသည်။ နီရဲရဲနှုတ်ခမ်းတွေကိုကြည့်ရင်း မနေ့ကအနမ်းတွေကိုပါသတိရလာတဲ့အတွက် သူ့မျက်နှာမှာကျေနပ်မှုလေးတွေပေါ်လို့လာသည်။
" ဘာတွေတွေးပြီးသဘောကျနေတာလဲ ဆောနူ "
ထွက်ပေါ်လာသည့်အက်ရှရှအသံကြောင့် ဆောနူကမော့ကြည့်မိတော့ ဂျောင်ဝန်းမှာသူ့ကိုပြုံးလျက်သားကြည့်လို့နေခဲ့သည်။
တစ်ယောက်တည်းတွေးရင်း ကျေနပ်နေခဲ့တဲ့ကိုယ့်အဖြစ်ကိုယ်တွေးမိတဲ့အခါ ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်လိုက်မိရင်း မျက်စိရှေ့ကရင်ခွင်ကျယ်သို့မျက်နှာအားပုန်းကွယ်မိလိုက်၏။
" ဟော ဒါကရောဘာဖြစ်ရပြန်တာလဲဗျာ "
ရယ်သံတစ်ခုနှင့်အတူ ဂျောင်ဝန်းကအမေးပြုသည်။ သိရဲ့သားနဲ့သက်သက်မဲ့စနေတာ ဒီကလေးက။ မကျေမနပ်ဖြစ်သွားရတော့ ရင်ခွင်ထဲကနေထွက်လိုက်ပြီး ယန်းဂျောင်ဝန်းကိုတစ်ချက်စိုက်ကြည့်ပေးလိုက်သည်။
" မစတော့ဘူးမို့ စိတ်မတိုပဲ ကိုယ့်ရင်ခွင်ထဲလာပါဦး "
" မင်း စကားကိုဘယ်လိုတွေပြော "
ပုံမှန်မဟုတ်သည့်အသုံးအနှုန်းကို အသားမကျတော့ ဂျောင်ဝန်းလက်မောင်းကိုတစ်ချက်ရိုက်ကာ သူပြောလိုက်မိသည်။
" မင်း မဟုတ်ပဲ မောင်ပါ ဆောနူရဲ့ "
ပူတက်လာတဲ့သူ့ပါးပြင်တွေကိုခံစားလိုက်ရပြီး မှန်ရှေ့ပြေးမကြည့်ရင်တောင်နားဖျားတွေရဲနေလိမ့်မည်ဆိုတာကိုပါ ဆောနူသိလိုက်ရသည်။ ယန်းဂျောင်ဝန်းကသူ့ကိုအဲ့လိုရှက်အောင်ပဲပြောနေတော့မှာလား။