မိုးလင်းလို့ဆောနူနိုးလာတဲ့အချိန်မှာ ခါးပေါ်မှလက်တွေကိုပထမဆုံးခံစားမိလိုက်ရသည်။ တင်းကျပ်စွာဖက်တွယ်ထားတဲ့လက်ကလေးကြောင့် ဆောနူမှာမပြုံးပဲမနေနိုင်။
အိပ်နေဆဲဖြစ်သည့်ဂျောင်ဝန်းရဲ့မျက်နှာကို ငေးကြည့်ရင်း မနက်တိုင်းဒီလိုလေးမြင်ခွင့်ရရင်ကောင်းမည်ဆိုသည့်အတွေးလေးကသူ့ခေါင်းထဲဝင်ရောက်လို့လာသည်။
ရုတ်ချည်း ထိုမူမမှန်နေတဲ့အတွေးကိုသတိထားမိသည့်အခါ သူ့ကိုယ်သူပင်အံ့ဩမိသွားသည်။ အရက်သောက်ထားမိတဲ့အရှိန်ကြောင့် မဟုတ်တာတွေတွေးမိနေတာဖြစ်မှာပါ။
ဆောနူကဂျောင်ဝန်းကြောင့် သုံးခွက်ပြည့်အောင်တောင်သောက်လိုက်ရတာမဟုတ်ဘူးဆိုတဲ့အမှန်တရားလေးကိုတော့မျက်ကွယ်ပြုရင်း။
ခါးပေါ်ကလက်တွေကိုဖြည်းဖြည်းချင်းဖယ်လိုက်ပြီး ဂျောင်ဝန်းနိုးမလာအောင်ဂရုတစိုက်ပြုမူကာ ကိုယ့်အခန်းကိုယ်ပြန်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်၊ အဝတ်အစားလဲရသည်။
နောက်တော့ နှစ်ယောက်အတူစားဖို့မနက်စာပြင်ဖို့ရာအတွက်ကြိုးစားရင်း ဆောနူအလုပ်ရှုပ်နေသခိုက် အိမ်ရှေ့မှတံခါးခေါက်သံထွက်ပေါ်လို့လာသည်။
အိမ်ကိုလာမဲ့သူမရှိတာကြောင့် အနည်းငယ်တော့ကြောင်အသွားပေမဲ့ အပြေးလေးတံခါးသို့သွားရောက်ဖွင့်ပေးလိုက်တော့ ကလေးတစ်ယောက်နှင့်အတူ အမျိုးသမီးတစ်ဦးအားတွေ့လိုက်ရသည်။
" အယ် ဂျောင်ဝန်းမရှိတာလား "
အမျိုးသမီးဆီမှထွက်လာသော အမေးစကားမမည်သောအမေး။
" ဂျောင်ဝန်းကအိပ်နေတုန်းဗျ။ "
" အော် အဲ့ဘက်ကဂျောင်ဝန်းမေမေပြောတဲ့ ဂျောင်ဝန်းသူငယ်ချင်းဆိုတာထင်တယ်။ အစ်မကဟိုဘက်တစ်အိမ်ကျော်ကပါ။ "
ထိုကျမှ ဆောနူလည်းထိုအမျိုးသမီးမျက်နှာကိုမြင်ဖူးသလိုလိုရှိနေခြင်းအားသဘောပေါက်ရပါတော့သည်။ မေမေနဲ့စကားပြောနေတာကိုတွေ့ဖူးတာကြောင့်လေ။
" ဟုတ်ကဲ့ အိမ်ထဲဝင်ပါဦး အစ်မ။ ဂျောင်ဝန်းကိုနှိုးပေးမယ်လေ "