" ဂျောင်ဝန်းကကျွန်တော်မရှိတုန်း ဒီလိုပဲနေခဲ့တာလားမေမေ "မီးဖိုချောင်ရဲ့ပြတင်းပေါက်မှတစ်ဆင့်မြင်နေရသည့် ဂျောင်ဝန်းပုံရိပ်ကိုကြည့်ကာ ဆောနူကအမေးထုတ်မိတယ်။
မေမေကခပ်ဖွဖွလေးပြုံး၍ ဆောနူကြည့်ရာသို့တစ်ချက်ကြည့်ပြီးမှသာ လှီးနေတဲ့အသီးအရွက်တွေဆီသို့ပြန်လည်အာရုံစိုက်ရင်း သူ့အမေးကိုဖြေသည်။
" ဟုတ်တယ်။ နဂိုထဲကအနေအေးတဲ့ကလေးက လေးနှစ်အတွင်းပိုပြီးသီးသန့်ဆန်သွားတာ "
ဆောနူသက်ပြင်းသဲ့သဲ့ကိုချမိသည်။ အမှန်တော့ သူကတရားခံဖြစ်နေတာပါ။ တိတ်ဆိတ်မှုအပြည့်နဲ့ယန်းဂျောင်ဝန်းကမ္ဘာလေးက သူ့ကြောင့်နဲ့ပိုပြီးတိတ်ဆိတ်သွားတာဖြစ်မည်။
အနားမှာသူတစ်ယောက်ပဲရှိခဲ့တာကို သိသိကြီးနဲ့တောင် သူကအဝေးကိုထွက်သွားခဲ့တာလေ။ ပိုဆိုးတာကအဆက်အသွယ်တောင်မှန်မှန်မလုပ်ခဲ့တဲ့ရက်တွေပါရှိနေတာကြောင့်။
" အခုဆောနူကပြန်ရောက်လာပြီပဲ။ သားအပြစ်မဟုတ်ပါဘူး။ ဂျောင်ဝန်းအကျင့်လေးကိုကအဲ့လိုလေးမို့ပါ "
မျက်နှာမကောင်းသွားတဲ့ဆောနူကိုမျက်နှာချင်းဆိုင်ကမေမေကရိပ်မိသွားသည့်အခါ စိတ်သက်သာစေရန်ပြောလာပေမဲ့ သူကတော့အပြစ်ရှိသလိုခံစားနေရဆဲပင်။
မဖြစ်သေးပါဘူး။ ဒီ့ထက်ပိုပြီး ယန်းဂျောင်ဝန်းတစ်ယောက်တည်း သီးသန့်ဆန်ဆန်မနေအောင်လို့ သူကြိုးစားရမှာ။ အတွေးနဲ့အတူ စိတ်မြန်လှတဲ့ဆောနူဟာချက်ချင်းဂျောင်ဝန်းရှိရာသို့ထသွားခဲ့သည်။
ဘယ်လောက်တောင်ပတ်ဝန်းကျင်ကိုမေ့ပြီး စာအုပ်ထဲမြောနေသလဲဆို သူ့မျက်စိရှေ့လူတစ်ယောက်လုံးရပ်နေတာတောင် ယန်းဂျောင်ဝန်းကမသိ။
" ယန်းဂျောင်ဝန်း မင်းအဲ့လိုကြီးပဲနေနေမှာလား "
ခပ်ကျယ်ကျယ်ပြောပေးလိုက်တဲ့စကားကိုကြားမှ သူ့ကိုမော့ကြည့်လာတယ်။ တမင်ကိုကျယ်ကျယ်ပြောပေးလိုက်ရတာဖြစ်သည်။ ပုံမှန်လေသံနဲ့ဆို ဂျောင်ဝန်းကသူ့အသံကိုကြားမှာကိုမဟုတ်။ ယန်းဂျောင်ဝန်းအကြောင်းသူအသိဆုံးပါ။