04

317 50 14
                                    

တဖြည်းဖြည်း ပိုပိုပြီးမြင့်တက်လာခဲ့တဲ့ နွေအပူရှိန်နဲ့ သက်ဆိုင်ရာအကိုင်းအခတ်တွေဆီက မြေပြင်ပေါ်ကို အလုအယက်ကြွေကျနေကြတဲ့ ရော်ရွက်ဝါတွေကြောင့် နွေရာသီရဲ့သရုပ်ဟာ ပိုမိုပီပြင်လာခဲ့တယ်။ လေပြည်မြူးမြူးဟာ ဘဝင်ခိုက်ပျော်ရွှင်နေတဲ့ သူ့မျက်နှာကို ပွတ်သီးပွတ်သပ် ချော့မြူနေသလိုနဲ့။ ထင်သလောက်မတိုးလှတဲ့ ကျေနပ်အော်သံတစ်ခုကြောင့် စာအုပ်စင်နှစ်ခုကြားမှာကပ်နေတဲ့ အိမ်မြှောင်တစ်ကောင်က မျက်နှာကြက်ပေါ်ကို အလန့်တကြား ပြေးတက်သွားတယ် ။ နေ့လယ်ထမင်းစားချိန်နီးနေတာရယ်၊ အလုပ်တွေဖွင့်ရက် တစ်ရက်ဖြစ်တာရယ်ကြောင့် စာကြည့်တိုက်မှာ လူလုံးဝရှိမနေလို့တော်ပါသေးရဲ့။

"Khun Nattawat ခင်ဗျ၊ ဘယ်တော့မှ အဲဒီစီဒီခွေကိုချပြီး ကျွန်တော့်ကိုစာရင်းကူစစ်ပေးမှာလဲဗျ"

Kasidet ရဲ့ တမင်တကာ စ,နောက်လိုက်တဲ့ စကားရဲ့အဆုံးမှာ Fourth က Phi Nanon လက်မှတ်ထိုးပေးထားတဲ့ စီဒီခွေကို အနီးစပ်ဆုံးမှာရှိနေတဲ့ စားပွဲပေါ်ကိုတင်လိုက်ပြီးနောက် Phi Det ရဲ့ အနားကို လျှောက်သွားလိုက်ရင်းနဲ့၊

"Oohoo! Phi တစ်ယောက်ယောက်ရဲ့ အမာခံပရိသတ်လုပ်တယ်ဆိုတာက ဒီလိုပဲလေလို့။ စိတ်ကူးနဲ့တင် ကျေနပ်ပျော်ရွှင်နေရတာမျိုး"

"Nong တကယ်ပြောင်းလဲသွားတာပဲ"

ခေါင်းတစ်ခါခါနဲ့ ပြောလာတဲ့စကားရဲ့အဆုံးမှာ Fourth က အဲဒီစကားရဲ့ အဓိပ္ပါယ်ကို သိပ်ပြီးတော့နားမလည်တာကြောင့် အသစ်ရောက်လာမယ့် စာအုပ်တွေရဲ့စာရင်းကို စစ်ဆေးနေတဲ့ Phi Det နဲ့ မျက်နှာချင်းဆိုင်ကခုံမှာ ဝင်ထိုင်လိုက်ပြီးတော့ ပေါ့ပေါ့ပါးပါး မေးလိုက်မိတယ်။

"ဘာတွေပြောင်းလဲသွားလို့လဲဗျ"

"အရင်ကဆိုရင် Nong က Khun Nanon ကို သဘောသာကျတာ၊ အခုလိုမျိုး အတိအလင်း ပရိသတ်လုပ်ဖို့နေနေသာသာ စကားတောင်သွားမပြောခဲ့ဘူးလေ"

"ကျွန်တော်က အရင်တုန်းကလည်း Phi Nanon ကို သဘောကျခဲ့ဖူးတာလား Phi Det"

"အင်းလေ၊ ဒါပေမဲ့ အဲဒီတုန်းက အစ်ကိုတောင်မှ Khun Nanon က 'Force' မှာ ပင်တိုင်ဖျော်ဖြေတဲ့အကြောင်းပြောပြီး သွားမိတ်ဆက်ဖို့ပြောတော့ Nong က ဒီအတိုင်း တိတ်တိတ်လေး သဘောကျနေရရုံနဲ့ရပါပြီဆိုပြီးပြောတာလေ။ အစ်ကိုတောင် အံ့ဩနေတာ အခုဆိုရင် Nong Nat က သူနဲ့ သူငယ်ချင်းတောင်ဖြစ်နေပြီ"

Y U A N F E NWhere stories live. Discover now