ဧပြီနှောင်းပိုင်းကာလ ရောက်ပြီဖြစ်တာကြောင့် နွေကထွက်သွားဖို့အတွက်ကို တာဆူနေခဲ့ပြီ။ အနောက်တောင်ယွန်းယွန်းက တိုက်ခတ်လာခဲ့တဲ့ လေပြည်ဟာ နွေသစ်ရွက်ခြောက်ကြွေတွေကြားကို ရှပ်ပြေးသွားတယ်။ အလုပ်ဝင်တာမကြာသေးပေမယ့် သံတမန်အဖြစ် တရားဝင်ရာထူးတိုးသွားတဲ့ Khun Chai Norawit က ဒါဟာ သူ့ရဲ့မိသားစုနောက်ခံကြောင့် မဟုတ်တာကိုသက်သေပြဖို့အတွက် အလုပ်တွေပိုများနေခဲ့တယ် ။ ဒါပေမဲ့လည်း အလုပ်တွေကိုယ်စီရှိနေလို့ဆိုပြီး သူတို့နှစ်ယောက်က အရင်ရက်တွေလောက် ခဏခဏသာမတွေ့ဖြစ်ကြရင်နေမယ်။ Khun Chai Norawit ရဲ့ ကြိုတင်စီစဉ်ထားခဲ့တဲ့ ပုံတူပန်းချီဆွဲမယ့်ကိစ္စကြောင့်နဲ့ သုံး၊ လေးရက်ခြားတစ်ခါနဲ့ အလုပ်နားတဲ့ပိတ်ရက်တွေမှာတော့ မပျက်မကွက် တွေ့ဖြစ်နေကြတုန်း။
ပတ္တူစပေါ်က ဆေးရောင်ခြယ်လက်စ ပုံတူရုပ်လွှာကို အာရုံစိုက်ထားရင်း ရုတ်တရက် အကြည့်ရောက်မိသွားတာက မလှမ်းမကမ်းနေရာက တရုတ်စံကားပင်ကြီးကို နောက်ခံထားပြီး အပင်ရိပ်အောက်မှာထိုင်နေခဲ့သူလေး။ တရုတ်ဖုန်းရွှေပညာအရ ယင်ဓာတ်စိုးမိုးမှုရှိတဲ့ တရုတ်စံကားပင်ကြီးနဲ့အတူ ယန်ဓာတ်ကိုဖော်ညွှန်းတဲ့ အမျိုးသားငယ်လေးရဲ့ ပျိုမျစ်နုရွယ်မှုတွေဟာ ပနံသင့်လျက်ရှိနေတယ်။ စံကားပန်းတွေရဲ့ နဂိုရှိနေပြီးသား အဓိပ္ပါယ်တွေက Nattawat Jirochtikul ပိုင်ဆိုင်ထားတဲ့ ဂုဏ်သိက္ခာ၊ သန့်စင်ခြင်းနဲ့ အလှတရားတွေကို အခစားဝင်ကာ၊ ထပ်ပြီးတိုးမြှင့်လိုက်သလိုမျိုးနဲ့ သူချစ်ရတဲ့အမျိုးသားလေးဟာ ပြောနိုင်တာထက်ကို ကျော်လွန်ပြီးတော့တောင် လှပကြည့်ကောင်းနေခဲ့တာ။
"ဘာဖြစ်လို့လဲဗျ၊ ကျွန်တော်နေတာ တစ်ခုခုအဆင်မပြေဖြစ်လို့များလား"
အမေးစကားတစ်ခွန်းနဲ့အတူ Nat က သိမ်သိမ်မွေ့မွေ့ အပြုံးတစ်ခုကို သူ့နှုတ်ခမ်းပါးလေးထက်မှာ တင်စေတဲ့အခါ စုတ်တံကိုင်ထားတဲ့ သူ့ရဲ့လက်က တင်းခနဲဖြစ်သွားတယ်။ ဒီအနီးအနားပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်တည်းရှိနေပေမယ့် မြတ်နိုးရခြင်းတွေကို အရှိန်မထိန်းလိုက်နိုင်လို့ သူ့နှလုံးသားဆီက ထွက်ကျလာတဲ့ အသံတိတ်အော်ဟစ်ပစ်နေမိသံတွေကြောင့် အထူးတလည် ညံစီနေလောက်မယ်လို့ Norawit က ထင်တယ်။
YOU ARE READING
Y U A N F E N
FanfictionTwo people meant to be together; Destiny _______________________________________________________ [Myanmar Unicode] This is just a work of fanfiction. Characters, plots and places are Meow's imaginations only. Starting Date - August 19, 2023 Ending D...