အချစ်ဦး

58 3 0
                                    


အချစ်ဦး

အချစ်ဦးလို့ပြောလိုက်တာနဲ့ တစ်စုံတစ်ယောက်ကို ပြေးမြင်မိတယ်မလား..... ကိုယ်ရဲ့ခက်ခဲပင်ပန်းလှတဲ့ငယ်ရွယ်ချိန်မှာ ထိုတစ်စုံတစ်ယောက်ကြောင့် ပြုံးပျော်ရွင်ခဲ့ဖူးတယ်ဆို‌ရင်တော့ မှားမယ်မထင်ပါဘူး။ လူတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့ကြတယ်။ ကိုယ်ကလည်း တစ်စုံတစ်ယောက်ရဲ့အချစ်ဦးဖြစ်ခဲ့မှာ အသေအချာပါပဲ......

လူအများစုကတော့ အချစ်ဦးကို အလယ်တန်း ဒါမှမဟုတ် အထက်တန်းမှာတွေ့ခဲ့ကြတယ်။ တစ်ချို့ကတော့ တက္ကသိုလ်ပေါ့။ အချစ်က ဘယ်လိုအရာမျိုးလဲ ဆိုတာမသိနားမလည်သေးတဲ့အချိန်မှာ သူနဲ့စတွေ့ခဲ့တယ်။တကယ်တော့ အချစ်ဆိုတာဘာများပါလိမ့်။တစ်ချို့ကတော့ပြောကြတယ်။ သကြားလုံးလေးလို ချိုမြိန်တယ်တဲ့။ တစ်လောကလုံးက လှပနေသယောင်တဲ့။ ထိုသူနဲ့တွေ့လိုက်ရတဲ့အခိုက်အတန့်မှာ တစ်လောကလုံးရပ်တန့်သွားသလို ကိုယ်ပိုင်ဆိုင်တဲ့တစ်ခုတည်းသော နှလုံးသားလေးကလည်း ဂနာမငြိမ်ခဲ့ဘူး။စကားတစ်ခွန်းပြောဖို့တောင် ဒီလောက်ခက်ခဲနေတာ၊ ဖွင့်ပြောဖို့ဆိုရင်တော့ နှလုံးရပ်တန့်သွားမတတ်ပဲ။ သူနဲ့တွေ့တဲ့အခါ ရင်တုန်နေမှန်းမသိသာအောင် နေရတာလည်း နေ့စဥ်အလုပ်တစ်ခုလိုပဲ။အရိုးသား ဝန်ခံရရင် ထိုသူ့ကြောင့် ပျော်ရွှင်ခဲ့ရတယ်။ ထိုသူ့‌ကြောင့် ပူဆွေးခဲ့ရတယ်။ ထိုသူ့ကြောင့် အချိန်တွေကစီးဆင်းနေသလိုပဲ။

ဝမ်းနည်းစရာကောင်းပေမယ့် အမှန်တရားတစ်ခုကို ပြောပြရရင်တော့ လူအများစုက အချစ်ဦးနဲ့မပေါင်းဖက်နိုင်ကြပါဘူး။ ကံကောင်းတဲ့သူတစ်ချို့ကသာ ကိုယ်ရဲ့အချစ်ဦးနဲ့ ပေါင်းဖက်နိုင်ကြတာပါ။ဒါပေမယ့် တစ်ချို့သောသူတွေကတော့ ပေါင်းဖက်နိုင်ဖို့ မပေါင်းဖက်နိုင်ဖို့ ဆိုတာထက် ဖွင့်ပြောခွင့်တောင်မရရှာဘူး။ အချစ်ဦးဆိုတာ တစ်ကယ်တမ်းတော့ ကောင်းကင်ပေါ်က ကြယ်လေးနဲ့တူတယ်။ ဆွတ်ခူးချင်ပေမယ့်လည်း ခူးယူနိုင်စွမ်းမရှိဘူး။ အချစ်ဦးရဲ့ အကြောင်းတွေကို ပြန်တွေးကြည့်မိရင် အသစ်တဖန်ပြန်ပြီးရင်ခုန်နေမိတတ်တယ်။ ဘယ်တော့အခါမှရိုးမသွားတဲ့ ခံစားချက်လေး။ဘယ်တော့မှ ရိုးမသွားတဲ့ ပုံပြင်လေးတစ်ပုဒ်လိုပေါ့။

"အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့နိုင်ဘူး"တဲ့ အဲ့စကားလေးကိုကြားလိုက်တိုင်း နှုတ်ခမ်းပါးက အလိုလိုကွေးညွှတ်သွားတတ်တယ်။ တကယ်ကို ရိုးရိုးလေးနဲ့ထိမိတဲ့ စာတန်းလေးတစ်ကြောင်းပေါ့။ စာတန်းလေးကတိုပေမယ့် လုံးဝကိုအစားမထိုးနိုင်တဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်တယ်။တကယ်ကို ဆန်းကြယ်တဲ့ဖြစ်ရပ်မျိုး။

"The beautiful thing about young love is the truth in our hearts that it will last forever."

ဒါလေးက ကိုယ်အကြိုက်ဆုံးစာကြောင်းလေးတစ်ခု။ "ငယ်ရွယ်တဲ့အချစ်နဲ့ပတ်သတ်တဲ့အလှတရားက ကျွန်တော့တို့ရဲ့ရင်ထဲမှာ နောက်ဆုံးသောထာဝရဆိုတာ အမှန်ဖြစ်တယ်။" အရမ်းကို သဘောကျပြီး အရမ်းကိုအဓိပ္ပာယ်ရှိတဲ့စာကြောင်းလေးတစ်ကြောင်းပါ။ အချစ်ဆိုတာ လောကကြီးကပေးတဲ့ ဆုလာဒ်တစ်ခုပါ။ သိပ်ကိုတန်ဖိုးရှိတဲ့ အရာပေါ့။ တစ်စုံတစ်ယောက်က ကိုယ့်ကိုချစ်ပြီး ကိုယ်ကလည်းထိုတစ်စုံတစ်ယောက်ကို ပြန်ချစ်နိုင်ဖို့ဆိုတာ ဖြစ်ခဲတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ လူတွေအများကြီးရှိတဲ့ထဲကမှ တိုက်ဆိုင်စွာနဲ့နှစ်ယောက်သားချစ်ဖို့ဆိုတာ သိပ်ကိုခက်ခဲလှပါတယ်။ ဒါကြောင့် ကံကောင်းလို့အဲ့လိုအဖြစ်အပျက်မျိုးကြုံခဲ့ရင် သေချာပေါက် တန်ဖိုးထားပါ။ တစ်ကယ်ကို အဖိုးတန်တဲ့ ဆုလာဒ်တစ်ခုကို ရရှိလိုက်တာပါပဲ။

ကဲပါ.....အချစ်ဦးနဲ့ဆုံစည်းခွင့်မရခဲ့ရတောင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူနဲ့အတူဖြတ်ကျော်ခဲ့ရတဲ့ ထိုအချိန်လေးကို သတိရနေမှာပါ။ အချစ်ဦးနဲ့ဆုံဆည်းခွင့်ရတဲ့သူတွေကိုတော့ "ဝမ်းသာပါတယ်"လို့ပြောချင်ပြီး ဆုံဆည်းခွင့်မရတဲ့သူတွေကိုတော့ "မင်းက သိပ်ကံကောင်းခဲ့ပါတယ်" လို့ပြောချင်ပါတယ်။ ဘယ်လိုရလာဒ်မျိုးပဲဖြစ်ဖြစ် ထိုသူ့ကြောင့်ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေက တစ်ကယ်ကိုဆုလာဒ်တစ်ခုလိုပါပဲ။ နောင်ဘဝမှာလည်း ဘယ်လိုရလာဒ်မျိုးပဲရရ ထိုလူသားလေးနဲ့တွေ့ဆုံချင်မိတယ်။သိပ်ကို မြတ်နိုးရသော လူသားလေး။ ။

💌💌💌💌💌
ကိုယ်တွေကတော့ အချစ်ဦးနဲ့ဆုံဆည်းခွင့်မရခဲ့ဘူး😅
ဖွင့်ပြောချင်ပေမယ့် ဖွင့်မပြောရဲဘူး
ဘယ်လိုကနေ ဘယ်လိုစပြီးဖွင့်ပြောရမှန်းလဲမသိဘူး😢
မရ ရတဲ့နည်းနဲ့ချည်နှောင်ထားတဲ့သူငယ်ချင်းဆက်ဆံရေးလေး ပျက်စီးသွားမှာကြောက်လို့🥺

My Midnight ✨Where stories live. Discover now