အခန်း၁၆။ လူသန်ကြီး

128 17 0
                                    

မနက်ခင်းတွင် နိုးထလာပြီး ကိုယ်လက်သန့်စင်ပြီးသွားသောအခါ လီယင်သည် အိမ်တော်တစ်ပတ် ခပ်သွက်သွက်လမ်းလျှောက်သည့် လေ့ကျင့်ခန်းလုပ်လေသည်။ စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ ခန္ဓာကိုယ်ကျန်းမာရေးသည် အခရာဖြစ်ပေရာ မနက်ခင်းလေ့ကျင့်ခန်းလုပ်သည့် အလေ့အကျင့်ကို မွေးမြူခဲ့သည်မှာ ကြာပြီဖြစ်လေသည်။

စံအိမ်တစ်ပတ်ခန့် လမ်းလျှောက်ပြီးသောအခါ အစေခံမျနေသည့်နေရာကိုပင် ကျော်လာခဲ့ချေပြီ။ အိမ်‌စေများသည်လည်း ထိုအချိန်တွင် နိုးကြပြီဖြစ်ရာ ကိုယ်လက်သန့်စင်ပြီးနောက် ရေခပ်နေကြလေသည်။

၎င်းတို့ကို လီယင်လည်း နှုတ်ဆက်ကာ ဆက်၍အမြန်‌လမ်းလျှောက်ရန်ပြင်ပြီး ခေါင်းကို ပြန်လှည့်လိုက်စဉ် တစ်စုံတစ်ယောက်နှင့် “အင့်”ကနဲ ဝင်တိုက်မိလေသည်။ သစ်ပင်ကြီးကို ဝင်တိုက်မိသည်အလား လီယင်ခမျာ ခေါင်းမူးသွားသဖြင့် နေရာမှာပင် ထိုင်ကျသွားတော့သည်။

“ အရှင့်သား..”

ကျင်းတချမ်၏ အထိတ်တလန့်အော်သံ ထွက်လာပြီး လီယင်ကို အပြေးလာထူလေသည်။ လီယင်၏ လမ်းတွင်လာပိတ်ရပ်နေသောသူဘက်ကိုလည်း လှည့်ကာ ငေါက်ငမ်းလေ၏။

“ ငတုံး.. ဘာကိစ္စနဲ့ ဒီလောက်နမော်နမဲ့နိုင်ရတာလဲ”

လီယင်လည်း သတိပြန်ထိန်းလိုက်ပြီးသောအခါ သူဝင်တိုက်မိသော “ အရာဝတ္ထုကြီး ” ကို မြင်သွားလေသည်။ ၎င်းမှာ ကြွက်သားအကြီးကြီးများဖြင့် အင်အားကြီးပုံရသော မုတ်ဆိတ်မွေးထူထူနှင့် လူတစ်ယောက်ပင် ဖြစ်ချေတော့သည်။ အိမ်တော်ထဲတွင် အိမ်စေအနည်းငယ်မျှသာ ရှိပေရာ ထိုလူကို လီယင်တစ်ခါမှ မမြင်ဖူးသဖြင့် ထိုလူကိုကြည့်လိုက် ကျင်းတချမ်ကိုကြည့်လိုက်နှင့် အံ့ဩနေလေတော့သည်။

ကျင်းတချမ်လည်း အခြေအနေကို ရိပ်စားမိသွားပြီး ရှင်းပြလေသည်။

“ အရှင့်သား လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အစောင့်အရှောက်အလိုရှိကြောင်း ကြေငြာစာကပ်ဖို့ ပြောထားတယ်လေ။ ကြေငြာစာကပ်ထားတာကြာပြီဖြစ်ပေမယ့် ဒီရက်ပိုင်း ဘယ်သူမှ ရောက်မလာကြဘူး။ ဒီနေ့မနက်မှာတော့ ‌တံခါးကိုဖွင့်လိုက်တာနဲ့ စံအိမ်က လူခေါ်လို့ လာခဲ့တာပါ ဆိုပြီး ဒီလူရောက်နေတော့တာပါပဲ။ သူ့ပုံစံကြည့်ရတာလည်း ကာယဗလတောင့်တင်းပြီး သန်သန်မာမာရှိတာနဲ့ ဝင်ခွင့်ပြုလိုက်တာပါ။ အရှင့်သား သဘောမတွေ့ရင် အခုချက်ချင်း ပြန်လွှတ်လိုက်ပါမယ်။ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now