၂၀၁၂, ဒီဇင်ဘာလ
တစ်ခုသောဒီဇင်ဘာမှာ အရာအားလုံးစတင်ခဲ့တယ်။
ခရစ်စမတ်မရောက်ခင် တစ်ပတ်အလိုလောက်ကလို့ ခန့်မှန်းရပေမယ့် ဝန်ဘင်းက ငယ်သေးတာကြောင့် ရက်စွဲအတိအကျကိုတော့ဖြင့် သေချာမမှတ်မိပါဘူး။
နှင်းမှုန်တွေတဖွဲဖွဲကျနေတဲ့ ဒီဇင်ဘာရဲ့မနက်ခင်းတစ်ခုမှာ မေမေက သူ့လက်ကိုဆွဲပြီး အနက်ရောင်ပြောင်လက်လက် ကားအကောင်းစားကြီးပေါ်ကို ကျော့ကျော့မော့မော့လေးတက်သွားတယ်။ ကလေးဉာဏ်လေးနဲ့ ဘာမှသိပ်မစဉ်းစားနိုင်ခဲ့ချိန်မှာ မေမေက သူ့ခေါင်းလေးကို ခပ်ဖွဖွပွတ်ရင်းပြောတယ်။
"မေမေတို့ မိသားစုတစ်ခုရတော့မယ်တဲ့လေ..."
မေမေ့မျက်လုံးမှာ မျက်ရည်တွေဝဲနေခဲ့တယ်။
ဒါဟာ ဟိုးအရင်ရက်တွေက ဖေဖေဒေါသတကြီးနဲ့ရိုက်လို့ ဝမ်းနည်းစွာကျနေတဲ့ မျက်ရည်တွေ မဟုတ်မှန်းကိုတော့ ဆယ့်တစ်နှစ်အရွယ် ဝန်ဘင်းလေးက ခွဲခြားတတ်ခဲ့ပါတယ်။ ဘာလို့ဆို ဖေဖေက သူတို့ကို ခွဲခွာသွားခဲ့တာ နည်းနည်းကြာပြီလေ။
လမ်းထဲကအဒေါ်ကြီးတွေပြောတာတော့ စီးပွားပျက်တယ်ဆိုလားပဲ။ အဲ့တာကြောင့် ဖေဖေလဲ အရက်အချိန်ပြည့်မူးနေပြီး မေမေနဲ့သူ့ကို ရိုက်နှက်နေတာလို့ ပြောသံကိုတော့ကြားဖူးတယ်။ ဒါပေမယ့်လဲ ဖေဖေ့ကို သူမမုန်းခဲ့ပါဘူး။ တစ်ချိန်တုန်းက ဖေဖေက မေမေ့အပေါ် သိပ်ချစ်ခင်မြတ်နိုးပြီး နူးညံ့ကြင်နာသလို သူ့အပေါ်ကိုလဲ သိပ်နွေးထွေးခဲ့တာလေ။ ဘဝပေးအခြေအနေကြောင့်ဆိုတာ နားမလည်သင့်တဲ့အရွယ်မှာ နားလည်တတ်ခဲ့တဲ့ ဝန်ဘင်းလေးက ဖေဖေ့ကိုလဲ နားလည်နိုင်ခဲ့ပါတယ်။
"သခင်မကြီး ဆင်းလို့ရပါပြီ..."
ခပ်ဩဩယောကျ်ားအသံကိုကြားမှ မေမေ့ပေါင်ကို ခေါင်းအုံးအိပ်နေတဲ့ သူနိုးလာခဲ့တယ်။ မေမေကတော့ အိပ်ထားလို့ပွရှုပ်နေပြီဖြစ်တဲ့ သူ့ရဲ့နားရွက်ဖုံးဆံပင်ရှည်လေးတွေကို ကြည့်ကောင်းအောင် ပြုပြင်ပေးရှာတယ်။ ကုတ်အညိုရောင်ပိစိလေးရယ် ဂျင်းအနက်ကလေးကို တွဲဝတ်ထားတဲ့ဝန်ဘင်းလေးက ပြုံးရယ်နေတဲ့ အမေကိုကြည့်ရင်း သူပါလိုက်ပြုံးနေမိတော့တာ။ သူနဲ့တူတဲ့ မေမေ့နှုတ်ခမ်းပါးလှလှတွေမှာ အရယ်အပြုံးတွေရှားနေခဲ့တာ ကြာပြီလေ။
YOU ARE READING
Da Vinci Glow
Fanfictionကြယ်တွေနေရာယူလို့ လင်းလက်နေတဲ့ကောင်းကင်မှာတောင် မင်းကိုငေးကြည့်ရင်းပဲ ဖြစ်တည်ပါမယ်... ကိုယ်ဟာ မင်းအတွက် Da Vinci Glow ... (Only Unicode avaliable)