Part - 2
မှာထားသည့်စားစရာများ ရောက်လာတော့ ပြောနေသည့်စကားများကို ခဏရပ်လိုက်သည်။ waiterကောင်လေးထွက်သွားမှ သုတကျော်က စကားဆက်သည်။
" ဒီလောက် amountနဲ့ဆို လွိုင် တန်ပါတယ် သူတို့ကလည်း ဒီဈေးနဲ့က အရေးတကြီးလိုလို့ ရောင်းတာ ဒါကို လွိုင် သိမှာပါ "
" သိတာတော့ လွိုင်လည်း သိတာပေါ့။ လွိုင်မှ ဈေးကို မတတ်နိုင်တာ "
တဖြည်းဖြည်း လွိုင့်အသံက ချွဲနွဲ့သည့်ဘက်ကို ရောက်လာသည်။ လွိုင်က ရှေ့က အာလူးချောင်းကို ဆော့နှင့် တို့စားလိုက်ပြီး ဖျော်ရည်ကိုလည်း သောက်လိုက်သည်။
" လွိုင် ဒါဆို တခြားမြေကွက်တွေ ကြည့်မလား လွိုင် လိုက်နိုင်လောက်တဲ့အထဲက....."
" ဟင့်အင်း လွိုင်က အခု မြေနေရာကိုပဲ သဘောကျတာ "
" ဟောဗျာ ပန်းချီဆရာနဲ့တော့...."
" ဟွန့် ဒီပွဲစားနဲ့တော့....."
လွိုင်က သုတကျော်၏စကားကို နှုတ်ခမ်းလေး မဲ့ကာရွဲ့ကာ ကာရံလိုက်ကာ ပြောတော့ သုတကျော်မှာ ရယ်လို့မဆုံး။
" ဒီလောက်မှ လွိုင်က ကြိုက်နေရင်လည်း ကျွန်တော့်ဘက်က လွိုင့်ဆီက ပွဲစားခ မယူဘဲ လုပ်ပေးမယ်ဗျာ "
" ဒါတော့ ဘယ်ဟုတ်မလဲ ဟိုဘက်ကို ဈေးလေး နည်းနည်း ညှိပေးပါ့လား လွိုင် တကယ်တောင်းဆိုတာပါ နော် အစ်ကိုသုတကလည်း....."
လွိုင်က လက်အုပ်လေး ချီကာ မျက်နှာငယ်လေးနှင့် ပြောတော့ သုတကျော် ခေါင်းငုံ့လိုက်ကာ နှာခေါင်းကို ပွတ်လိုက်သည်။
" ကဲ ဒါဆိုလည်း ပိုင်ရှင်ကို ဖုန်းဆက်ပြီး မေးကြည့်ပေးမယ် မရရင်တော့ လွိုင် ဘယ်လိုလုပ်မလဲ စဉ်းစားထားပေါ့ဗျာ "
သုတကျော်က ပြောပြီး စားပွဲဝိုင်းမှ ထသွားကာ ဖုန်းဆက်နေသည်။ လွိုင် ထိုလူကို ကြည့်ပြီး မြေနေရာ ရရန် ခေါင်းခဲရသည်။ အခုတောင် တော်တော်လေး ဖွံ့ဖြိုးနေသည့်နေရာက နောင်ဆို ပိုပြီးဖွံ့ဖြိုးမှာပင်။
လွိုင် waiterကောင်လေးကို ခေါ်လိုက်ပြီး စကားပြောလိုက်သည်။ သိပ်မကြာ သုတကျော်လည်း စားပွဲဝိုင်းဆီကို လျှောက်လာနေတော့ လွိုင်လည်း waiterကောင်လေးကို ပြန်လွှတ်လိုက်ပြီး ဆက်စားနေလိုက်သည်။