ကောင်းကင်ပြာပြာရဲ့ အလည်တည့်တည့်မှာ ဗဟိုချက်ကျရောက်နေပြီဖြစ်တဲ့ နေလုံးရဲ့အရောင်က မှန်ပြတင်းတံခါးကို ထိုးဖောက်ပြီး လိုက်ကာအဖြူရောင်ပါးပါးလွလွကို ဖြတ်သန်းလာတယ်။ ကြားခံနယ်အဆင့်ဆင့်ကိုဖြတ်သန်းလာတဲ့ နေရောင်က အိပ်ယာခင်းဖြူဖြူပေါ် ကပိုကရိုနဲ့ မှောက်လျက်အနေထားအိပ်ပျော်နေတဲ့ ရစ်ခီ့ခန္ဓာကိုယ်ပေါ်ကျရောက်နေတယ်။ ကဗျာဆန်ဆန်ဖွဲ့နွဲ့နေစရာမလိုရင်တော့ နေဖင်ထိုးနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။
"ရစ်ခီ....ရစ်ခီ....
နင်မထသေးဘူးလား
ဒီနေ့ဒယ်ဒီပြန်လာမှာနော်"စိတ်မရှည်တော့တဲ့ ဘောက်ဆတ်ဆတ်လေသံနဲ့ အစ်မဖြစ်သူက အခန်းတံခါးကို လေးငါးဆယ်ချက်လောက် ဆက်တိုက်ခေါက်ရင်း စိုးရိမ်လောကြီးနေပုံရတယ်။
ဆူညံနေတဲ့ အိပ်ခန်းတံခါးခေါက်သံ တစ်ဒေါက်ဒေါက်အပြင် အစ်မဖြစ်သူ ပွစိပွစိပြောဆိုနေတဲ့လေသံ၊ မျက်နှာတည့်တည့်ပေါ်စူးကနဲကျရောက်လာတဲ့ နေရောင်တို့ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ အတင်းကုန်းရုန်းထရတော့တယ်။
'အား...ညက နောက်ကျမှပြန်ရောက်လို့ အိပ်ချင်သေးပါတယ်ဆိုမှကွာ....'
တစ်ကိုယ်ရေကြားရရုံလေတိုးသံနဲ့ ငြီးငြူလိုက်တဲ့ရစ်ခီ။နောက်တစ်ခေါက်ထပ်ထွက်လာတဲ့ အခန်းတံခါးခေါက်သံ။
'ဒေါက် ဒေါက် ဒေါက်'"ရစ်ခီ....ထတော့ဟ
ဒယ်ဒီလာလို့ နင်မနိုးသေးရင်
တစ်အိမ်လုံးဆဲခံရလိမ့်မယ်"စောစောစီးစီးဆူညံနေတဲ့အသံတို့က ရစ်ခီ့နားထဲ သံရည်ပူတွေလောင်းထဲ့နေသလိုပဲ။ စုတ်တစ်ချက်သတ်လိုက်ရင်း ခေါင်းအုံးဘေးက ဖုန်းကို ဖွင့်ကြည့်လိုက်တော့ 11နာရီကျော်ပြီ။ စောစောစီးစီးမဟုတ်တော့ဘူးပဲ။
"ထပြီ ထပြီ လာပြီ..."အိပ်ယာပေါ်က ကုန်းရုန်းထလိုက်ရင်း ဝဝလင်လင်မအိပ်ရသေးတဲ့ ခန္ဓာကြောင့် ကျယ်ဝန်းလှတဲ့ အခန်းကြီးရဲ့ ကုတင်နဲ့ တံခါးကြားအကွာအဝေးက ယူဇနာတစ်ရာဝေးကွာသလို ခြေလှမ်းတွေကိုလေးဖင့်စွာနဲ့သယ်ပိုးနေရတယ်။
အခန်းတံခါးနားရောက်မှ ဆွဲဖွင့်လိုက်တော့ အစ်မဖြစ်သူရဲ့ ဆူပုတ်မှုန်ကုတ်နေတဲ့ မျက်နှာကို တွေ့မြင်လိုက်ရတော့ သိလိုက်တယ်...ဆက်တိုက် နားညီးအောင် ပွားတော့မယ်ဆိုတာကိုလေ။ ရစ်ခီ့အတွေးအတိုင်းပဲ မောင်ဖြစ်သူကိုမြင်တာနဲ့ ဆူဇန်တစ်ယောက် ကရားရေလွှတ်ဆူငေါက်ခြင်း လုပ်ငန်းကိုစတင်ရတော့တယ်။