မွေးချင်းအစ်ကိုဖြစ်သူ ဆေးရုံတက်နေရသည့်သတင်းကို အမှတ်မထင်ကြားလိုက်ရ၍ သွင်ဘုန်းခန့် ထိုဆေးရုံဆီ အပြေးသွားလိုက်မိသည်။သို့သော် ထိုနေရာ၌ သူ့ကို နာကျင်စေနိုင်မည့်တစ်စုံတစ်ရာက စောင့်ကြိုနေကြောင်း မသိခဲ့ရိုးအမှန်။
" တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား ဆရာရယ် "
စင်္ကြံလမ်းအကွေ့တစ်နေရာမှ ကြားလိုက်ရသည့်စကားသံကြောင့် သွင်ဘုန်းခန့်၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။
တစ်ဆက်တည်းမှာပင် လူကလည်း စင်္ကြံထောင့်ချိုးတွင်ကပ်ကာ ရပ်လိုက်မိသားပင်။
ထိုအသံတစ်စွန်းတစ်စနှင့်ပင် ဖခင်ဖြစ်သူ၏ အသံဖြစ်ကြောင်း သူကောင်းစွာမှတ်မိနေပါ၏။
အနှစ်နှစ်ဆယ်ကျော် ရင်းနှီးခဲ့သည့်အသံ မဟုတ်ပါလား။
စင်္ကြံအကွယ်မှ တစ်ချက်ခိုးကြည့်မိသည့်အခါ အဖေက ဆရာဝန်ကြီးနှင့် တစ်စုံတစ်ခုကို အသည်းအသန်ဆွေးနွေးနေပုံပင်။
အနားမှအမေ့မျက်နှာတွင်လည်း မျက်ရည်များစိုရွှဲနေလျှက်။
နှစ်ယောက်လုံး၏မျက်နှာထက်၌ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ရောပြွမ်းနေသည်မှာ သိသိသာသာ။
ပျော်ရွှင်မှုက ကူးစက်တတ်သည်ဆိုလျှင် ချစ်ရသူများ၏ ဝမ်းနည်းမှုကလည်း သာ၍ပင်ကူးစက်တတ်သေးသည်ဟု ဆိုရပေမည်။
မြင်လိုက်ရသည့် ထိုမြင်ကွင်းကြောင့် သွင်ဘုန်းခန့်၏ မျက်လုံးများပင် စပ်ကျိန်းလာရသည်အထိ။
ဆရာဝန်ကြီးက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချ၏။
" ကျွန်တော်ပြောခဲ့သလိုပါပဲ ဦးဘုန်းလူ လူနာသစ်ဘုန်းခန့်ရဲ့ကျောက်ကပ်နှစ်ခုလုံးက လုံးဝအခြေအနေမကောင်းတော့ပါဘူး မဖြစ်မနေကိုပဲ အမြန်ဆုံး အစားထိုးပစ်မှသာ ပကတိအတိုင်း ပြန်ကောင်းလာနိုင်တော့မှာပါ "
" ကျွန်တော်တို့လဲ ကုချင်ပါတယ်ဆရာရယ် ကုနိုင်တဲ့အင်အားလဲရှိပါတယ် ဒါပေမဲ့ ဆရာရယ် အခု ကျွန်တော်တို့အခြေအနေက ဆရာမြင်တဲ့အတိုင်းပါပဲ ကျွန်တော်ကလဲ မွေးရာပါ ကျောက်ကပ်တစ်ခုပဲရှိတဲ့အပြင် ကလေးအမေကျတော့လဲ ဆန္ဒရှိပေမဲ့ သားနဲ့ သွေးအုပ်စုတောင် မတူပြန်တော့ ကျောက်ကပ်အစားထိုးဖို့က... "
ESTÁS LEYENDO
တမ်းတလို့ရော် မှန်းဆလို့မျှော်/ တမ်းတလို့ရော် မှန်းဆလို့မျှော်( completed)