(3)Unicode

713 107 9
                                    

မနက်ခင်းနေရောင်ခြည်က အိမ်တော်အရှေ့ဘက်မြေကွက်လပ်ပေါ် အလွှားလိုက်ဖြန့်ခင်းထားတယ်။စုရုံးနေတဲ့အိမ်တော်သားတစ်သိုက်ဟာတော့ အဖြူရိပ်လေးနောက် အပြေးလိုက်နေကြပုံများ ချီတက်နေတဲ့ ကြွက်မြီးတန်းကလေးလိုနဲ့ရယ်။

မပျော်ဘူး...မပျော်ဘူး...သူလုံးဝ လုံးဝ ပျော်မနေပါဘူး။​မျက်ခုံးတန်းတွေစုကျုံ့ထားတဲ့ သူက စိတ်တိုတိုနဲ့ ဝတ်ရုံလက်ကို အားရပါးရခါချတယ်။ခြေလှမ်းတွေကို ဆောင့်ဆောင့်အောင့်အောင့်ကလေးလှမ်းလိုက်တော့ ခြေသံတွေက သူ့နောက်ပါးက ထပ်ကြပ်မခွါလိုက်လို့လာတာချည်းပဲ။

ိနှာသီးဖျားကိုရှုံ့တွလို့ မျက်လုံးလေးထောင့်ကပ်ကြည့်လိုက်တော့ မြေပြင်မှာပေါ်နေတဲ့ အရိပ်ထိုးထိုးထောင်ထောင်တွေဆိုတာ မနည်းမနောပဲ။သူ့ခြေလှမ်းတွေ တုံ့ခနဲရပ်လိုက်တာနဲ့ သူ့အနောက်က လူတသီတတန်းကြီးဟာလည်း တုံ့ခနဲရပ်သွားတော့တာပဲ။တစ်ယောက်ကျောပြင် တစ်ယောက်ဝင်ဆောင့်ကြပုံရသေးရဲ့။ တအင့်အင့်၊ တခွပ်ခွပ်သံ စီစီညံလို့ရယ်။

စိတ်ထဲကနေ ကျိတ်ရယ်လိုက်ပေမဲ့ သူ့နှုတ်ခမ်းပါးလေးက လှစ်ခနဲကွေးတက်သွားပါတယ်။သူလည်းပဲမောသွားပြီမို့ မြေပြင်ပေါ် ပုံ့ပုံ့ကလေးထိုင်ချလိုက်ပေမဲ့ မျက်ဝန်းအကြည့်တွေက မြေမှုန်မြေမွှားတွေပေလူးသွားပြီဖြစ်တဲ့ ဝတ်ရုံအနားစလေးဆီကိုရောက်သွားပြီပဲဖြစ်တယ်။

လက်ဖျားလေးကို လှစ်ခနဲဆန့်ထုတ်တယ်။ ပြီးတာနဲ့ မြေပေါ်ပုံကျနေတဲ့ ဝတ်ရုံအနားစလေးကို ဆုပ်ကိုင်သိမ်းပစ်လိုက်ပါတယ်။သူဘယ်လိုပဲ လူညစ်ကလေးလုပ်ဦးတော့ အခုလို ပေပေကျံကျံကြီးတော့ မကြိုက်ပါဘူးရယ်။

သူထိုင်လိုက်တာနဲ့ တခြားသူတွေလည်း လိုက်ထိုင်ကြပြီနဲ့တူပါရဲ့။ သူခေါင်းလေးငဲ့ပြီး မြေကွက်လပ်ပေါ် စိုက်ကြည့်လိုက်တော့ အတန်းလိုက်ရှိနေတဲ့ အရိပ်ညိုညိုတွေဟာ ထင်းထင်းကလေးဟပ်လု့ိနေပါရဲ့။စီတန်းနေတဲ့ ဦးခေါင်းအရိပ်တွေကိုကြည့်ရင်း သူကတော့ ဂွပ်ဂွပ်မြည်အောင် ခေါက်ပစ်လိုက်ချင်တော့တာပဲ။ သက်ပြင်းကိုဟင်းခနဲချတယ်။ပြီးတော့မှ မျက်လုံးလေးထောင့်ကပ်လို့ စူးစူးကလေးပြောလိုက်ပါတော့တယ်။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now