Chapter 1 - Part 3 (unicode)

1.9K 106 19
                                    

အခန်း ၁ (အပိုင်း ၃)

ဟာယွန်းတစ်ယောက် ပုံမှန်ထက်ကို အများကြီးပိုစောပြီး ကျောင်းသွားခဲ့တယ်။ ထယ်ဝမ့်ပါးက ခြစ်ရာကို တစ်ညလုံး မတွေးဘဲ မနေနိုင်ခဲ့ပါဘူး။ ဒဏ်ရာမြန်မြန်ကျက်စေတဲ့ လိမ်းဆေးနဲ့ အနာကပ် ပလတ်စတာပါ ယူလာခဲ့မိတယ်။

လိမ်းဆေးနဲ့ အနာကပ် ပလတ်စတာကို ထယ်ဝမ်ရဲ့ စားပွဲအံအလွတ်မှာ ထည့်ထားပေးလိုက်တယ်။ ဒါပေမဲ့ ထယ်ဝမ် မတွေ့ဘဲနေမှာစိုးတဲ့အတွက် အတွင်းကျကျရောက်အောင် မထားချင်တာမို့ ပြန်ထုတ်လိုက်ပြီး သူမြင်သာလောက်မဲ့နေရာမှာ ထားဖို့ပြင်လိုက်ချိန်မှာ....

"ငါ့စားပွဲမှာ ဘာလုပ်နေတာလဲ။"

အသံကြားတဲ့အခါ ဟာယွန်း ဆတ်ခနဲတုန်သွားပြီး တစ်ဖက်လှည့်လိုက်မိတယ်။ ထယ်ဝမ်က တံခါးဝမှာ ရပ်နေခဲ့တယ်လေ။

"အာ..."

ဟာယွန်းတစ်ယောက် အထစ်ထစ်အငေါ့ငေါ့တွေ ဖြစ်နေချိန်မှာ ထယ်ဝမ်က တံခါးပိတ်ပြီး စာသင်ခန်းထဲ ဝင်လာခဲ့တယ်။ ခဏတွင်းချင်းမှာပဲ သူက ဟာယွန်းအရှေ့မှာ ရပ်နေမိလျက်သား ဖြစ်သွားခဲ့တယ်။ သူ့မျက်လုံးတွေက ဟာယွန်းလက်ထဲမှာရှိတဲ့ လိမ်းဆေးနဲ့ ပလတ်စတာရယ်၊ ဟာယွန်းရဲ့ မျက်နှာရယ်ကြားမှာ ကူးချည်သန်းချည် ရှိနေခဲ့တယ်။

"အဲ့ဒါက ငါ့အတွက်လား။"

"...အင်း။"

ခဏလောက် အိုးတိုးအမ်းတမ်း တိတ်ဆိတ်နေပြီးတဲ့နောက်မှာ ဟာယွန်း ပြန်ဖြေလိုက်တယ်။ ထယ်ဝမ်က သူ့အိတ်ကို စာရေးခုံပေါ်တင်ပြီး ထိုင်ချလိုက်တယ်။ သူက ထိုင်ခုံကိုဆွဲပြီး သူ့မျက်နှာကို ဟာယွန်းမျက်နှာနား ကပ်လိုက်တယ်။

"ဘာလုပ်တာလဲ။"

ဟာယွန်းက မေးလည်းမေးရင်း အနောက်ကိုယိမ်းလိုက်တယ်။

"ပြောတော့ ငါ့အတွက်ဆို။ လိမ်းပေးလေ။"

ထယ်ဝမ်က မျက်လုံးတွေမှိတ်ပြီး သူ့ပါးကို ဟာယွန်းဘက်ဆီ လှည့်ပေးလိုက်တယ်။ မှောင်မှိုင်းမှိုင်း အရုဏ်ဦးကောင်းကင်က တဖြည်းဖြည်း ပျောက်ကွယ်လာပြီး တောက်ပတဲ့နေရောင်ခြည်က လက်ရှိမှာ တိမ်တွေကိုထိုးခွင်းပြီးတော့ ထယ်ဝမ့်မျက်နှာကို နေရောင်လာထိုးနေခဲ့တယ်။

တို့နှစ်ယောက် ဘာကြောင့် ဝေးရတယ် [ဘာသာပြန်] (Completed)Where stories live. Discover now