'ကိုကို့အိမ်က မနက်ခင်းပိုင်းလည်း အရောင်တစ်မျိုးနဲ့လှနေရောပဲ.. ကိုကိုက အနုပညာသမားမို့ စိတ်ကူးစိတ်သန်းကောင်းပြီး အမြင်ရှိတယ်...'
လုလင်က ကျောက်သားခုံပေါ်ထိုင်ရင်း ကော်ဖီသောက်နေကာ သူ့အိမ်အနောက်ခြမ်းကိုကြည့်၍ သဘောကျနေသည်။ သစ္စာပန်းပင်တွေဝန်းရံထားသည့် ရေကန်၏တစ်ဖက်မှာ နွယ်ပင်တွေတောထနေသော်လည်း ခန်းဆီးစတွေသွယ်ထားသကဲ့သို့ လှလှပပရှိနေကာ ရေကန်နှင့် ထိုအပင်တွေက ပနံတင့်နေ၏။ ဝါးပင်တွေစီရရီရှိနေပုံကလည်း မျက်စိပသာဒဖြစ်စေသည်။
'ညီက ဒီနေရာကျ နုံချာသွားပြန်ရော...အလုပ်ပဲဦးစားပေးတတ်တော့ နေစရာအိမ်ဆိုလည်း ကြည့်ပျော်ရှုပျော် သေသပ်ခိုင်ခံ့မှုရှိရင်ပြီးရော ဆောက်လိုက်တာ.. တစ်ကိုယ်တည်းသမားဆိုတော့ ပစ္စည်းလည်း များများစားစားဝယ်မထားဘူး...အဲတော့ ရှင်းရလင်းရသက်သာတာပေါ့ဗျာ..ဟားဟား..'
သူ့ဘာသာပြောပြီးရယ်နေကာ စစ်သည်က စီးကရက်သောက်ရင်း နားထောင်နေ၏။
'အမှုအကြောင်းတွေးရတဲ့အချိန်ကများတော့ အိမ်က မျက်စိရှုပ်နေရင် စိတ်ရောခေါင်းရော ရှုပ်မှာစိုးလို့လည်းပါတာပေါ့...'
'ကိုကိုလည်း တစ်ကိုယ်တည်းသမားပါပဲ...'
'အံမယ်... နောက်ဆို အိမ်ထောင်နဲ့မိသားစုနဲ့ဖြစ်လာတော့မှာပါဗျာ... ကိုကို ဒီအိမ်ကို ဒီလောက် လှပခမ်းနားနေအောင် ပြုပြင်ထားတာကိုက ကိကိအတွက်ပဲမဟုတ်လား...'
ညီကတော့ သူ့စိတ်ကိုနားလည်သူပီပီ အရွှန်းဖောက်နေသေးသည်။ တကယ်လည်း ဒီအိမ်ကို သူမနှင့်အတူနေဖို့ ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ Decorationကအစ သူမအကြိုက်ဖြစ်စေမည့်အရောင်တွေကိုပဲရွေးခဲ့သည်။ အိမ်တွင်းအိမ်ပြင်ရှိ ပရိဘောဂပစ္စည်းတွေအားလုံးကိုလည်း luxury brandတွေချည်းသုံးကာ ကဗျာဆန်ဆန်မျက်စိအေးဖွယ်ဖြစ်အောင် အသေးစိတ် အချိန်ယူပြင်ဆင်ခဲ့သည်။ သူ့အိမ်က သူမလေးအတွက် အမြဲနွေးထွေးငြိမ်းအေးနေစေရမည်။ သူမလေးစိတ်တိုင်းကျ သုခဘုံအဖြစ် ကောင်းကင်ဆန်စွာ ခမ်းနားနေရမည်။ သူမလေးအတွက်ဆိုလျှင် အသေးအဖွဲကိစ္စလေးတွေကအစ ဖြည့်ဆည်းပေးချင်တာလည်း သူ့ဆန္ဒအမှန်သာဖြစ်၏။
အခုလည်း ကိန္နရီက သူ့အိမ်မှာ အတော်ပျော်နေပုံပင်။ အဖေကိုတောင် လွမ်းဖို့အမှတ်မရချေ။
YOU ARE READING
The Legend Of The Phoenix:Born To Love You
Romanceဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ရူးသွပ်မိခဲ့တယ်။ မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ငါ့ရဲ့ လစ်ဟာပျက်ကွက်မှုတွေကြောင့် ...