✨ဦးဆွေးဆံမြည့်-၄၂✨

14.6K 437 82
                                    

[MATURE ON]

၁၈နှစ်အောက် ကလေးတွေ ဂက်ဒေါက်👊

ဦးဆွေးဆံမြည့်-၄၂

ည၏အမှောင်ထုက ဆောင်းနှင်းမြူတွေကြောင့် ပုံမှန်ထက်ပို၍သိပ်သည်းနက်ရှိုင်းနေသလိုပင်။ အလင်းဓာတ်ရှိသည်ဆိုရုံမျှ မှိန်ပျပျလင်းနေသည့်အခန်းထဲမှာ မှန်စီခေါင်းတလားတစ်ခုရှိနေ၏။ ထိုခေါင်းတလားထဲမှာ စွမ်းအင်နှင့်ထိန်းချုပ်ခံထားရသည့် မပုပ်သိုးသေးသော အသက်မဲ့အလောင်းက ပန်းပွင့်ဖတ်များကြားမှာ မူလရုပ်သွင်အတိုင်း တည်ရှိလျက် အိပ်ပျော်နေသည်ဟုပင် ထင်ရပေသည်။ ထိုအလောင်းကို မမှိတ်မသုန်ကြည့်နေသူက ရှောစောင်ကြီးကိုလွှမ်းခြုံထားကာ ဆံပင်တွေကို ခပ်မြင့်မြင့်ထုံးဖွဲ့ထား၏။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများနှင့်မျက်နှာက တည်ငြိမ်ခြင်းအသွင်ကိုဆောင်နေသည်။ ဖီးနစ်ငှက်၏ စွမ်းအားမျိုးနှင့် အရှိန်အဝါတွေ လျှံထွက်နေ၏။
သူ့မျက်လုံးစိမ်းများက အမှောင်ထဲမှာ ပို၍အရောင်ထွက်နေကာ သူ့လည်ပင်းမှာဆွဲထားသည့်ကျောက်စိမ်းလည်ဆွဲကလည်း အစိမ်းရောင်မျက်လုံးများနှင့်အပြိုင် တလက်လက်တောက်နေသည်။
သူ တစ်ပေခွဲသာသာခန့်ကျွန်းစင်အမြင့်ပေါ်တွင် မှန်ဖွင့်ထားသော ခေါင်းတလားဘေးမှာ ဒူးထောက်ထိုင်၍ ကျောက်စိမ်းလည်ဆွဲကိုဖြုတ်လိုက်သည်။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်၍ မျက်လုံးများကိုမှိတ်လိုက်၏။ ထို့နောက် သူ့နှုတ်မှ တိုးသဲ့သော၊ ပြတ်သားကြည်လင်သော ရေရွတ်သံတချို့က တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလေသည်။

'ကျွန်ုပ်သည် သူမကွယ်လွန်ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ဥပုသ်သီလကို မပျက်မကွက်စောင့်ထိန်းခဲ့ပါသည်။ ဒါန၊ သီလ၊ ဘာဝနာတို့ကို နေ့စဥ်မပျက် ပွားများအားထုတ်ခဲ့ပါသည်။ ကျွန်ုပ်ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ကို စကြဝဠာတိုက်တစ်သောင်းလုံး၌တည်ရှိသော အနန္တဝေနေယျာတို့အား အမျှပေးဝေပါသည်...အမျှအမျှ ယူကြပါကုန်လော့...'

အမျှပေးဝေပြီးနောက် ဆက်လက်တိုင်တည်ပြန်သည်။

' ကျွန်ုပ်ကို ကောဇာသက္ကရာဇ် ၁၃၅၃ခုနှစ်၊ တပို့တွဲ လဆန်း၃ရက်နေ့တွင် ဦးဘုန်းသမ္ဘာ၊ဒေါ်နှင်းရဝေတို့၏ သားကြီးသြရသအဖြစ် မွေးဖွားခဲ့သည်။ ကျွန်ုပ်၏ အမည်နာမကို 'နတ်စစ်သည်'ဟုခေါ်တွင်၍ သာမန်မဟုတ်သော သဘာဝလွန်စွမ်းအားများကို မွေးရာပါ ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ကျွန်ုပ်၏ဖခင် ပေးအပ်ခဲ့သော တာဝန်တို့ကို ကျေပွန်စွာ ထမ်းရွက်၍ မိသားစုအပေါ်ကျရောက်လာမည့်အန္တရာယ်ရန်စွယ်မှန်သမျှကို ရှင်းလင်းဖယ်ရှားခဲ့ပြီးဖြစ်သည်။
ထို့အပြင် ဒီခေါင်းတလားထဲတွင် ခန္ဓာစဲ၍လဲလျောင်းနေသော မိန်းကလေးကို မေတ္တာစစ်မေတ္တာမှန်ဖြင့် ချစ်ခဲ့ပါသည်။ အသက်နှင့်ထပ်တူထပ်မျှ မြတ်နိုးခဲ့ပါသည်။
ငယ်စဥ်ကတည်းက မိသားစုနှင့်ကွေကွင်းရသော လောကဓံမှအစပြု၍ ယခုမျက်မှောက်၌ ချစ်သူနှင့်ကွေကွင်းရသော လောကဓံအဆုံး နောက်ထပ်ကြုံရမည့် လောကဓံမှန်သမျှကို ကြံ့ကြံ့ခံ၍ရင်ဆိုင်ကျော်ဖြတ်ပါမည်။
ရှေ့၌ ဆိုခဲ့ပြီးသော သစ္စာစကားတို့အမှန်ဖြစ်ခဲ့ပါလျှင် ကျွန်ုပ်၏စွမ်းအားတို့သည် ချစ်သူ၏ဝိညာဥ်ကို ထိန်းချုပ်နိုင်ပါစေသား... ချစ်သူ၏သေဆုံးခြင်းနှင့်ရှင်သန်ခြင်းစပ်ကြားကာလတစ်လျှောက်လုံးကို ပိုင်စိုး၍ ထိုဝိညာဥ်နှင့်နှလုံးသားသည် ခန္ဓာသစ်ဖြင့် ပြန်လည်မွေးဖွားလာပါစေသား...'

ဖီးနစ်အရှင်၏ သစ္စာပြုတိုင်တည်သံက တိုးသော်လည်း ရင်ခေါင်းမှထွက်လာသကဲ့ကို လေးနက်ခိုင်ကျည်လွန်းလှသည်။ သစ္စာစကားအဆုံး၌ ကျောက်စိမ်းလည်ဆွဲကို သူမမျက်နှာထက်မှာ မြှောက်တင်လိုက်ပြီး..

'ကိုယ် မင်းကို သိပ်ချစ်တယ်ကိန္နရီ...မင်းကိုမကာကွယ်နိုင်ခဲ့ဘူးဆိုတဲ့ နောင်တနဲ့အပြစ်ရှိစိတ်တွေကို ချေဖျက်ပေးဖို့ မင်းပြန်လာရလိမ့်မယ်.. မင်းရဲ့ဝိညာဥ်နဲ့နှလုံးသားကို ခန္ဓာသစ်မရခင်အချိန်တွင်းမှာ ဟောဒီကျောက်စိမ်းစွမ်းအင်နဲ့ထိန်းချုပ်ထားရလိမ့်မယ်..'

သူ့အသံက ပိုင်စိုးလိုမှုများနှင့်အမိန့်ဆန်နေသည်။ သူ့အာရုံထဲမှာ သူမဝိညာဥ်ကို မြင်လိုက်ရသည့်နောက် မျက်လုံးများကိုပြန်မှိတ်လိုက်သည့်အခါ သူ့ဝိညာဥ်က ခန္ဓာမှခွာထွက်၍ သူမနှင့်မျက်နှာချင်းဆိုင်မှာ တစ်ယောက်ကိုတစ်ယောက် ဆွေးမြည့်စွာ ကြည့်နေကြသည်။

'ကိန္နရီ...ကိုယ့်ခေါ်သံကို ကြားရတယ်မဟုတ်လား...'

သူမက မျက်ရည်ပြည့်အိုင်နေသည့်မျက်လုံးများနှင့်ကြည့်၍ ဘာမှပြန်မဖြေ။ သူ ကျောက်စိမ်းလည်ဆွဲကို လက်ဆန့်ပြကာ..

'ဒါက ကိုယ့်ရဲ့စွမ်းအင်နဲ့အသက်ဓာတ် ကိန်းဝပ်နေတဲ့ကျောက်စိမ်းလည်ဆွဲလေ... ကိုယ် မင်းကို ပြန်ပေးချင်တယ်... လက်ခံပေးမယ်မဟုတ်လား...'

ပြောပြောဆိုဆို သူမလည်တိုင်မှာ သူကိုယ်တိုင်ဆင်မြန်းပေးသည်။

'နှစ်တွေဘယ်လောက်ပဲကြာကြာ မင်းကိုစောင့်နေမယ်..မင်းပြန်မွေးဖွားလာဖို့ နေ့တိုင်းဆုတောင်းမယ်..ကိုယ့်ကိုချစ်ရင် ပြန်လာခဲ့ပါအချစ်ရယ်.. '

'သမီး ကိုကြီးအတွက် ပြန်မွေးဖွားလာမယ်လို့ ကတိပေးပါတယ်...'

ကျောက်စိမ်းလည်ဆွဲကို ငုံ့ကြည့်၍ ကတိပေးပြီး သူ့ကိုစိုက်ကြည့်သည်။ ထို့နောက် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားလျှင် သူ မျက်လုံးပြန်ပွင့်လာ၏။ သူ့လက်ထဲမှ ကျောက်စိမ်းလည်ဆွဲက သူမလည်တိုင်မှာ ဆင်မြန်းပြီးသားဖြစ်သွားကာ ရောင်စဥ်တွေဖြာထွက်၍ အစိမ်းရောင်အလင်းတန်းတွေ တစ်ခန်းလုံးသို့ ဖြန့်ကြက်နေတော့သည်။
သူ့မျက်လုံးတွေ ပို၍စူးရှလက်တောက်နေကာ..

'ငါ၏အမိန့်သည်လည်းကောင်း၊ ငါ၏သစ္စာစကားတို့သည်လည်းကောင်း ကျောက်စိမ်းအသက်ဓာတ်အတွင်းသို့ကိန်းဝပ်၍ စွမ်းအင်၏ ထိန်းချုပ်နိုင်စွမ်းကို အထောက်အပံ့ဖြစ်စေသော်ဝ်...'

အခန်းတွင်းမှာ ပဲ့တင်ထပ်သွားသည့် စကားသံတို့၏အဆုံး၌...

The Legend Of The Phoenix:Born To Love YouWhere stories live. Discover now