ဦးဆွေးဆံမြည့်-၃၅
ဒီနှစ်ဆောင်းက နှစ်သစ်ကူးချိန်နီးမှ ပိုအေးနေသလားမသိ၊ မနက် ၆နာရီခွဲနေတာတောင် နှင်းမကွဲသေးဘဲ မြူတွေဆိုင်းနေ၏။ စောင်ခြုံထဲကနေ လက်မထုတ်ချင်လောက်အောင် ချမ်းနေသော်လည်း ကျင့်သားရနေသည့်သူက နိုးနေပြီ။ လွယ်မောင်းတောင်မှာ ဒီ့ထက်ပိုသည့်အအေးဓာတ်ကိုတောင် အန်တုခဲ့ရသည်မဟုတ်လား။
သူ့ရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်နေသည့်ကောင်မလေးကတော့ မနိုးသေး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲရှိ၏။ မနေ့ညက အဖေကိုလွမ်းလို့ငိုနေသေးသည်မို့ သူ ချော့မော့နှစ်သိမ့်ပေး၍ အိပ်ရာဝင်ဖြစ်အောင် သိပ်ခဲ့ရသည်။
အစပိုင်းတော့ လွမ်းဆွေးဝမ်းနည်းနေလိမ့်မည်။ နောက်တော့လည်း တဖြည်းဖြည်းနေသားကျသွားမှာပါပဲ။ ငိုလွယ်ရယ်လွယ်သည့်ကလေးမို့ သူနှစ်သိမ့်ပေးလျှင် အငိုတိတ်သွားတတ်သည်ဖြစ်၍ ညညဆို သူမကိုချော့ရသည့်အလုပ်တစ်ခုပါ တိုးလာခဲ့သည်။
စကားနည်းခဲ့သော သူတောင် သူမကို ဖြေသိမ့်ပေးဖို့စကားလုံးတွေ ရွေးချယ်ပြောဆိုတတ်နေခဲ့ပြီ။ နေ့ချင်းညချင်း အိမ်ထောင်ဦးစီးဖြစ်သွားခဲ့သည့်ကိုယ့်အဖြစ်ကို ပြန်တွေးမိတော့ ဘာရယ်မဟုတ် မပီမပြင်ပြုံးဖြစ်သွားသည်။ ကိကိနဖူးပြင်လေးကို မနက်ခင်းအနမ်းတစ်ချက်ပေး၍ အိပ်ရာမှထလာခဲ့၏။ ကဲကဲကတော့ အခန်းထောင့်မှာ သူ့နေရာနှင့်သူ အိပ်မောကျနေဆဲ။
သူ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးနောက် ဘုရားခန်းထဲဝင်၍ ဘုရားဝတ်ပြု၊ တရားထိုင်သည်။ တရားထိုင်ပြီးမှ ကျွန်းတောအလွန်က ကညင်ပင်တန်းအကွေ့သို့ သွားရသည်။ မနက်တိုင်း ဟင်းချက်စရာတွေ လာပို့နေကျ ကောင်လေးကတော့ နေ့စဥ်နေ့တိုင်း မပျက်မကွက်လာပို့ပေမဲ့ သူက မနေ့ကမှအိမ်ပြန်ရောက်သည်မို့ အရင်ရက်တွေက လာပို့ထားသည့် ဟင်းသီးဟင်းရွက်များပင် ပုပ်သိုးနွမ်းကြွေကုန်ပြီ။ ဒီမနက် ကညင်ပင်ခွကြားမှာ ချိတ်ထားခဲ့သည့်ဟင်းသီးဟင်းရွက်ထုပ်ကြီးကိုပဲ ယူလာခဲ့၏။
သူက အိမ်ထောင်သည်ဖြစ်နေပြီမို့ နောက်များအားလျှင် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုတော့ အချိန်ပေး၍ ပျိုးရဦးမည်။ သူ မနက်စာ၊ နေ့လယ်စာအတွက် ချက်ပြုတ်ကြော်လှော်ပြီးချိန်ထိ အိပ်ပုပ်နှစ်ကောင်က မနိုးသေး။ အခန်းထဲဝင်၍ ပြတင်းပေါက်တွေဖွင့်၊ လိုက်ကာစတွေ ဆွဲတင်နေစဥ် ကဲကဲနိုးလာသည်။ သူ့ဆီပြေးလာကာ သူ့ခြေသလုံးကိုဖက်၍ အမြီးနှံ့နေ၏။ သူ မွေ့ရာဆီလျှောက်သွားတော့ ကဲကဲက အလိုက်သိစွာ တံခါးဝမှာ သွားထိုင်နေသည်။
သူ့ကလေးလေးကတော့ မွေ့ရာထဲမှာ ဝက်ဝံရုပ်လေးကိုဖက်၍ အိပ်ကောင်းဆဲ။
'ဟိတ်...အိပ်ပုပ်လေး.. ထတော့လေကွာ..ဘယ်အချိန်ရှိနေပြီလဲ...'
သူက ပါးပြင်လေးတွေ၊ နှာခေါင်းလေးတွေကို လက်ညှိုးနှင့်လိုက်တို့၍ နှိုးသည်။ သူမလေးက မျက်လုံးမဖွင့်ဘဲ သူ့လက်ကိုဖမ်းဆုပ်ထားကာ..
'အိပ်လို့ကောင်းတုန်းကို ဦးနတ်ကလဲ...'
'ကဲကဲတောင် နိုးနေပြီ..ကိုယ်က Studioကိုသွားရဦးမှာကွ.. မနက်စာပြင်ထားပြီးပြီ..ထတော့ ထတော့..'
သူနှိုးသော်လည်း သူမက အရေးမလုပ်ချေ။ သူက စောင်တွေကိုဖယ်၍ ခေါက်သိမ်းလိုက်ပြီး..
'တစ်နှစ်သုံးရေပြီးလို့မှ မထရင် ဒီအခန်းထဲကနေ ထွက်ခွင့်မပေးဘူးနော်... ကဲ... တစ် .. နှစ်..'
သူက နံပါတ်စဥ် ရေတွက်နေတော့ ကိကိ မျက်ခွံလေးခပ်လှုပ်လှုပ်နှင့် ပြုံးစိစိဖြစ်နေသည်။
'သုံး'ဟု ရေသံအဆုံး၌ သူမ ထဖို့ဟန်ပြင်တော့ သူက အပေါ်မှစီးမိုးလာ၏။
'ထပါပြီ ထပြီ...ဖယ်ပေးတော့..'
'No..မဖယ်ပေးနိုင်ဘူး..'
သူက ကိကိလက်တွေကိုပါ ဖိချုပ်ထားရင်း ခေါင်းခါသည်။
'ဦးနတ်ပဲ သုံးထိရေပြီးရင် ထရမယ်ဆို..'
'တစ်စက္ကန့်နောက်ကျတယ်..'
'ဟာ...ဦးနတ်ကလဲ..သမီးရုံးသွားရဦးမှာ... နောက်ကျနေတော့မယ်..'
သူက ကိကိဘာပြောပြော ခေါင်းကိုသာ ယမ်းခါနေလျက်..
'သုံးထိရေပြီးလို့မှ မထရင် ဒီအခန်းထဲက ထွက်ခွင့်မပေးဘူးလို့ ပြောခဲ့တယ်မဟုတ်လား..'
'ဒါကတော့ ဦးနတ် တမင်လူလည်ကျတာ..လူကြီးဖြစ်ပြီး စကားမတည်ဘူးနော်...'
'အံမာကွာ... စကားမတည်တာက မင်းပါ.. ပြောင်းပြန်တွေပြောနေတယ်...'
'သမီးက ဘယ်မှာစကားမတည်လို့လဲ...'
'လက်မထပ်ခင်ကတော့ ကိုယ့်စကားနားထောင်မယ်ဆို.. အခု ကိုယ်လာနှိုးတာတောင် မထဘဲ ကိုယ့်ကိုပြန်ခံပြောနေပြီ..'
သူ့စကားကြောင့် ကိကိ မျက်တောင်လေးထောင့်ကပ်၍ ငြိမ်သွားသည်။ ခဏကြာမှ..
'အခုကစပြီး နားထောင်တော့မှာပါ.. အဲဒါကြောင့် ဖယ်ပေးလို့..မျက်နှာသစ်ရဦးမယ်..သွားတိုက်ရဦးမယ်... အာပုပ်စော်နံနေပြီ..'
'No..'
သူက ခေါင်းခါမြဲဖြစ်လျက် နှုတ်ခမ်းလေးကို ဆတ်ခနဲငုံ့နမ်း၏။
'ရုံးပျက်ထားတာကြာပြီ...ဒီနေ့နောက်ကျရင် ဂျာကြီးနဲ့နောင်ဂျိန်ကျနေရလိမ့်မယ်.. ဖယ်ပေးနော်...'
'No...'
Noဟု ပြော၍ သူ့နှာခေါင်းချွန်ချွန်က သူမမျက်နှာထက်မှာ မထိတထိရစ်ဝဲနေသည်။ ကိကိ သူ့ရင်ခွင်ထဲမှာ ချောင်ပိတ်မိနေကာ လက်တွေကလည်း လှုပ်မရ၊ အနီးကပ်မြင်နေရသော သူ့မျက်နှာက မနက်ခင်းနေရောင်ခြည်နှင့်အပြိုင် လတ်ဆတ်ရှင်းသန့်နေသည်မို့ မြင်နေရသူ၏ရင်ခုန်သံတွေကလည်း အလိုက်ကမ်းဆိုးမသိ။
ကြံရာမရသည့်အဆုံး ခါးလေးကြွ၍ သူ့နှုတ်ခမ်းကိုမော့နမ်းသည်။ သူ့လက်တွေ သူမခါးဆီရွေ့လာတော့ လွတ်မြောက်သွားသည့်လက်တစ်ဖက်က သူ့ရင်ဘတ်ဆီ ထိကပ်လာ၏။ သိုးမွေးဂျာကင်အင်္ကျီဇစ်ကိုဆွဲချလိုက်လျှင် ပြေပြစ်သည့်ရင်ဘတ်မှ သွေးကြောစိမ်းတွေပေါ်လာသည်။ ထိုသွေးကြောစိမ်းတွေကိုမြင်ရတိုင်း ထွေပြားမှောက်မှားတတ်သည့်စိတ်ကြောင့် အခုလည်း စိတ်တွေယိုင်နဲ့နေပြီဖြစ်၏။ ထိန်းချုပ်လို့မရတော့ဘဲ ထိုနေရာဆီ နှုတ်ခမ်းဖျားနှင့်ထိကပ်နမ်းရှိုက်မိသည်။ ဒီသွေးကြောစိမ်းများပိုင်ရှင်က ကိုယ့်ယောက်ျားဖြစ်လာခဲ့ပြီ။ နတ်စစ်သည်ဆိုသော လူသားက သူမအပိုင်ပဲ ဟူသည့်အသိကြောင့် အရင်ကထက် ပိုရဲတင်းလာကာ လျှာတွေနှင့်သပ်လျက် ယစ်မူးနေမိသည်။
'ကိန္နရီ...'
သူ့ခေါ်သံက တိုးတိုးသဲ့သဲ့။ သူမ သူ့သွေးကြောတွေကို အကြိမ်ပေါင်းများစွာ နမ်းခဲ့ဖူးပြီ။ သို့သော် သူ ထိုကဲ့သို့အနမ်းခံရတိုင်း ၊ သူမထိတွေ့လာတိုင်း ဗြောင်းဆန်အောင်လှုပ်ခတ်သွားတတ်သည့် ရင်ခုန်သံတွေကို ထိန်းချုပ်နိုင်စွမ်းမရှိသေး။
'ဒီလိုဆက်လုပ်နေရင် ဒီအခန်းထဲမှာပဲ နေဝင်သွားလိမ့်မယ်..'
သူ ခပ်ကျိတ်ကျိတ်သတိပေးသော်လည်း ကိကိက မကြားဟန်ပြု၍ သူ့ရင်ဘတ်ကို ပွတ်တိုက်ထိတွေ့နေဆဲ။
'sensitiveဖြစ်စေတဲ့နေရာကိုပဲ လာလာထိတာ ဘယ်လောက်အန္တရာယ်များလဲ မင်းကိုပြမယ် ...'
သူက ကိကိကို ခေါင်းအုံးပေါ်ရောက်အောင်တွန်းပို့လိုက်ပြီး သူမအပေါ်ထပ်အင်္ကျီကိုဇစ်ဆွဲချ၍ လှန်ပစ်၏။
လည်ဟိုက်တီရှပ်လေးပဲကျန်သည့်အခါ ကျောက်စိမ်းလည်ဆွဲ တလက်လက်နှင့်လည်တိုင်လေးက ကျော့ရှင်းနေသည်။ ကိကိ သူ့ကို မျက်ခုံးပင့်၍ ပြုံးစစကြည့်နေစဥ် သူက သူမလည်တိုင်တစ်လျှောက်ကို နှုတ်ခမ်းဖျားနှင့်နမ်းရှိုက်လာသည်။ ကိကိ တစ်ကိုယ်လုံးတုန်ယင်သွားကာ မျက်လုံးများကိုယောင်ယမ်းမှိတ်ထားမိသည်။ ညှပ်ရိုးနေရာကို လျှာနှင့်သပ်ခံရတော့ လက်သီးဆုပ်မိသွားကာ မညည်းမိအောင် အံကြိတ်ထားသော်လည်း သွားနှင့်ကိုက်ခံလိုက်ရသဖြင့် ညည်းသံသဲ့သဲ့ လွှတ််ခနဲထွက်လာ၏။
'အာ့...ဦးနတ်..'
သူ့လည်ပင်းဆီ လက်ရောက်ကာ စိတ်တွေပါ ဂဏှာမငြိမ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်ကုန်သည်။ မျက်နှာတွေပါ နီမြန်းမြန်းဖြစ်လျက် သူ အမှတ်အသားတွေချန်ခဲ့တိုင်း သတိလစ်မတတ် ခုန်လှုပ်နေခဲ့သည့် နှလုံးသားသည်..
'အ...ဟာ့... ဦးနတ် အဲလို...'
စကားမဆုံးလိုက်ဘဲ နှုတ်ခမ်းလွှာလေး ဖိပိတ်ခံလိုက်ရပြီး စက္ကန့်များစွာကြာမှ သူက မျက်နှာချင်းခွာ၍ စိုက်ကြည့်သည်။
'ကိုယ် ဒီနေ့...မင်းနဲ့...'
သူမကို ကြည့်၍ လေသံနှင့်ကျီစယ်နေပြီးမှ ကိကိ အသက်ရှူသံကြောင့် ပြုံးမိသွားကာ...
''ကိုယ်က လွယ်မောင်းတောင်မှာ နှစ်ပေါင်းနှစ်ဆယ်တရားကျင့်ခဲ့တယ်ဆိုပေမဲ့ အရိယာသူတော်စင်မဟုတ်ဘူး..သာမန် ပုထုဇဥ်တစ်ယောက်ပဲ..ကိုယ့်ကို လာပြီးသွေးတိုးမစမ်းနဲ့ ဟုတ်ပြီလား...စောင့်စည်းနိုင်စွမ်းကျိုးပေါက်သွားရင် မင်း ပြေးမလွတ်ဘူး..'
နားရွက်ဖျားနားကပ်၍ ကြိမ်းလျှင် ကိကိ ကြက်သီးတဖြန်းဖြန်းထသွားသည်။ ချက်ချင်းပင် သူ့ရင်ဘတ်ကိုတွန်း၍ အိပ်ရာပေါ်မှဆင်းပြေးသွားသဖြင့် သူ ပြုံးလွန့်လွန့်မျက်နှာဖြင့် ကျန်ရစ်ခဲ့သည်။ ဒီကောင်မလေးကြောင့် သူ့သမာဓိတွေ ဘယ်အချိန်ယိုင်လဲသွားမလဲမသိနိုင်။
ပြတင်းပြင်ရှိ ခရမ်းရောင်သစ္စာပန်းပင်တွေကတော့ လေယူရာတိမ်းလျက် လှပစွာ ဖူးပွင့်နေကြပြီဖြစ်၏။
သူမ အတိတ်ဘဝဟောင်းကို ပြန်လည်မှတ်မိဖို့အချိန်တန်ပြီ။ မကြာခင်အချိန်တွင်းမှာ ကျောက်စိမ်းလည်ဆွဲ၏ အာနိသင်က ဘဝဟောင်း၏အငွေ့အသက်အားလုံးကို လွှမ်းမိုးထိန်းချုပ်သွားလိမ့်မည်။
YOU ARE READING
The Legend Of The Phoenix:Born To Love You
Romanceဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ရူးသွပ်မိခဲ့တယ်။ မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ငါ့ရဲ့ လစ်ဟာပျက်ကွက်မှုတွေကြောင့် ...