အန္တရာဘဝ ဇာတက (အပိုင်း ၁၂) (ဇာတ်သိမ်းပိုင်း)
မက်စ်သည် လက်ထဲတွင်ဓားကိုကိုင်လျက်၊ စိန်လက်စွပ်ကို စွပ်ထားလျက် ဘာဒိုဘုံ၏ နောက်ဆုံးအဆင့်သို့ ဝင်လာခဲ့သည်။ သူ့ခြေလှမ်းများက လေးလံနေသေးသည်။ သက်ပြင်းများချမိနေသေးသည်။ သူသည် ဂျီဇိုနှင့် ရုတ်တရက်ခွဲခွာရသည့်အတွက် ဝမ်းနည်းစိတ်မပြေပျောက်သေး။
ဤဘုံတွင် အမှောင်ထုက ကြီးစိုးနေသည်။ အရာအားလုံးသည်ပင် အမိုက်မှောင်၊ အမိုက်မှောင်သည်ပင် အရာအားလုံးဖြစ်၏။ လေကလည်း အေးစိမ့်လျက်။ မက်စ်၏ ကျောအားစိမ့်သွားစေသည်။ သူသည် မြေပေါ်တွင်လမ်းလျောက်နေသလားပင် မသေချာခဲ့။
ကြောက်ရွံမှုကိုပြေပျောက်စေရန် မက်စ်သည် သူ၏ကိုယ်တွင် မီးလျံများကို ဖန်ဆင်းလိုက်သည်။ ထိုအခါမှ ပို၍ကြောက်ရွံ့ဖွယ်ကောင်းသည်ကို တွေ့ရတော့သည်။
ထောင်နှင့်ချီသော မီးခိုးရောင် ဝိညာဉ်ကလေးငယ်များသည် သူ့ဘေးနားတွင် ဝန်းရံလျက်ရှိသည်။ ထိုကလေးများမည်မျှများသည်ကို သူမသိနိုင်။ မျက်စိတစ်ဆုံးကလေးများနှင့် ပြည့်နေသည်။ ကလေးများသည် သူနှင့် ဆင်တူသောမျက်နှာများရှိကာ သူတို့၏ ကိုယ်ခန္ဓာများကလည်း ဖောက်ထွင်း၍မြင်နိုင်ပေသည်။ သူတို့မျက်နှာများသည် မက်စ်နှင့်တူသည်ဆိုသော်လည်း အသက်ကင်းမဲ့လျက်ရှိကာ ပြူးကျယ်သော မျက်လုံးနီကြီးများဖြင့် မက်စ်အား စူးစိုက်ကြည့်လျက်ရှိသည်။ မျက်နှာများသည်လည်း ဖြူဖတ်ဖြူရော်နှင့်။ ဤအခြေအနေသည် သာမန်လူအဖို့ဆိုလျင် ရူးဖွယ်အပြင်မရှိလှ။
ကလေးများသည် ခေတ္တချက်ခြင်း မက်စ်ထံသို့ ဦးတည်တိုက်ခိုက်လေတော့သည်။ သူတို့၏ကိုယ်များနှင့် ထိလိုက်တိုင်း မက်စ်၏အားတို့ယုတ်လျော့သွားရသည်။ သူတို့သည် စူးရှသော အသံများကို ပြုလုပ်ကာ မက်စ်၏နားများကို နာစေသေးသည်။ မက်စ်သည် ဓားဖြင့်ဝှေ့ယမ်းကာ ဖယ်ထုတ်ရသည်။ သူတို့ကိုမီးဖြင့် သတ်မရ။ သို့သော် လေဖြင့်တော့မှုတ်ထုတ်နိုင်၏။ ထို့ကြောင့်ပင် သူ၏ကျယ်ပြန့်သောအတောင်ပံများကို ဖန်ဆင်းကာ အနီးမကပ်လာစေရန် ခတ်ထုတ်ပစ်ရသည်။
YOU ARE READING
နတ်ဆိုးကလေးငယ်
Paranormalလူစင်စစ်ဘဝကနေ ရုတ်တရက် နတ်ဆိုး ဟာဘိုရင် ရဲ့အစွမ်းကို ရသွားတဲ့ ကလေးငယ်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။