(Unicode version)
"သူဆိုတာ သေချာလား"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ဩဇာလွှမ်းသည့်အသံတစ်ခုက ပြတ်ပြတ်သားသားထွက်ပေါ်လာ၏။ ရှည်သွယ်သွယ်လက်ချောင်းတွေကြား ညှပ်ကိုင်ထားသည်က ခပ်သေးသေးဓာတ်ပုံလေးတစ်ပုံသာ။ သို့ပေမဲ့ ထိုသူ၏အကြည့်များသည်တော့ ဓာတ်ပုံထဲမှလူထံတွင် မြဲမြံစွာတည်ရှိနေပါ၏။ နံဘေးတွင် အသင့်ရပ်စောင့်နေသော တပည့်ဖြစ်သူ William သည် ခေါင်းညှိတ်ပြကာ...
"ဟုတ်ကဲ့...သေချာပါတယ် အကိုလေး"
"အဲဒီ့လူရဲ့သားက ဒီလိုပုံစံတဲ့လား...မယုံနိုင်စရာပဲ။ အင်းပေါ့လေ သူ့အဖေကလည်း သိုးရေခြုံထားတဲ့ဝံပုလွေပဲဟာ"
လက်ထဲရှိဓာတ်ပုံကို ရှေ့မှမှန်စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ တဆက်တည်းသောက်လက်စဝိုင်ခွက်ကိုယူရင်း ခြေကိုချိတ်လျက်ထိုင်လိုက်သည်။ ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေသော မျက်လုံးတွေသည်တော့ ထိုဓာတ်ပုံကို စူးစိုက်ကြည့်လျက် တစ်စုံတစ်ခုကို တွေးတောနေဟန်။ William သည်လည်း အကိုလေးအမိန့်ပေးလာလျှင် အသင့်ရှိနေစေရန် အနားတွင်ငြိမ်သက်လျက်သာရပ်နေလေသည်။
မိနစ်အနည်းငယ်မျှကြာသော် ဆုံးဖြတ်ချက်ချလိုက်ဟန် နားထင်ကိုလက်ညှိုးဖြင့်ထောက်ကာမှီရင်း၊ဝိုင်ခွက်ကို ခပ်သာသာလှုပ်ရမ်းရင်းဖြင့်...
"အရင်ဆုံး အနီးကပ်စောင့်ကြည့်ကြတာပေါ့ အဲဒီလူရဲ့သားဆိုတာကို"
"ဟုတ်ကဲ့...သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အကိုလေး email ထဲပို့ထားပါတယ်"
"ကောင်းပြီ! ဒါဆို မင်းအလုပ်ရှိသေးတယ်မလား။ သွားလုပ်လို့ ရပြီ"
"ဟုတ်ကဲ့"
William ထွက်သွားပြီးခဏကြာမှ laptop ဖွင့်ပြီး email ထဲဝင်လိုက်သည်။ ဓာတ်ပုံနှင့်တကွ ယှဥ်တွဲထားသော ထိုသူ၏ ကိုယ်ရေးအချက်အလက်တွေကို ပြီးဆုံးအောင်ဖတ်ပြီးနောက် ခွက်ထဲရှိလက်ကျန်ဝိုင်ကို တစ်ကျိုက်တည်းမော့ချလိုက်၏။ လည်ချောင်းတစ်လျှောက်ပူဆင်းသွားသော ဝိုင်အရသာနှင့် ဆန့်ကျင်စွာဓာတ်ပုံထဲမှထိုသူ၏အပြုံးတွေသည်တော့ အေးအေးချမ်းချမ်းလေးတည်ရှိနေပါသည်။
YOU ARE READING
𝑯 𝑨 𝑳 𝑶
Fanfictionဘာမှတော့ ထူးဆန်းတာမဟုတ်ဘူးရယ် သူ့ကိုမနာကျင်စေချင်တာမို့ ကိုယ့်ဒဏ်ရာကို လျစ်လျူရှုလိုက်ရုံ။