"အာစရိ"
ခန္ဓာကိုယ်ပြည့်ပြည့်ဖောင်းဖောင်းရှိသည့် လူတစ်ယောက်က လမ်းကြားထဲတွင် ပြေးလွှားနေပြီး သတင်းစာရွက်ကို လက်ကကိုင်ကာ ပါးစပ်ကလည်း မနားတမ်းခေါ်နေလေသည်။
အခန်းရှေ့ကို ရောက်မှ သူက အသက်ကို ဝအောင် ရှူလိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ ဝင်သွားလေသည်။ အခန်းအပြင်ဘက်မှာတော့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင် ဖွင့်ထားပြီး တန်ဖိုးကြီးသည့် ပစ္စည်းကနေ တန်ဖိုးနိမ့်ပစ္စည်းထိ အစုံရှိလေသည်။
ဆိုင်နာမည်ပင် မတပ်ထားသော်လည်း ထိုဆိုင်အကြောင်းကိုတော့ ပတ်ဝန်းကျင်က လူတိုင်းသိကြသည်။ သိပ်ကို ချောမောသည့် သူဌေးလူပျိုကြီးတစ်ယောက်က ဒီဆိုင်ကို ဦးစီးနေတာလေ။ သူ့တပည့်တစ်ယောက်ကလည်း ခပ်မိုက်မိုက်ပုံစံနဲ့ မိန်းကလေးတွေရဲ့ အသည်းစွဲပဲ။ သူ့ဆိုင်ကို လာသည့်လူတွေက သူ့ဖောက်သည်အများစုဖြစ်ပြီး ဆိုင်က ဒီတိုင်းပဲ လည်ပတ်နေတာ ငါးနှစ်လောက် ရှိလေပြီ။ သူ့ရဲ့နောက်ထပ် အစားကလွဲ ဘာမှမသိသည့် တပည့်တစ်ယောက်ကတော့ ဟန်ပန်ကြီးပေမယ့် ပြုံးပြုံးရွှင်ရွှင် ရှိလေသည်။
အိမ်တွေမှာ နမိတ်မကောင်းတာတို့ လူသေများတာတို့ မသင်္ကာစရာ တစ်ခုခုရှိပြီဆိုရင် ဆိုင်ပိုင်ရှင်ကို လူတွေက အကူညီလာတောင်းကြလေသည်။ သူက ဒီနားတစ်ဝိုက်မှာ နာမည်ကြီးသည့် ဖုန်းရွှေပညာရှင်လည်း ဖြစ်ပေသည်။
ယောကျ်ားလေးတွေချည်း နေသည့်နေရာမို့ တစ်ချိန်လုံး ဆူညံနေတာတော့ အမှန်ပဲ ခုလည်း ဝတုတ်က အသံတစာစာနဲ့ အော်ခေါ်နေပြန်ပြီ။
"အာစရိ"
"ငါအိပ်နေတာကို နှောင့်ယှက်ရလောက်တဲ့အထိ မင်းပြောမယ့် အကြောင်းအရာက အရေးမကြီးနေရင် ဒီပြတင်းပေါက်ကနေ ပဲရစ်မျှော်စင်ထိရောက်အောင် ငါကန်ထုတ်ပစ်လိုက်မယ် ယုံလား"
ထိုင်ခုံပေါ်မှာ ခပ်လျှောလျှောထိုင်နေပြီး စားပွဲပေါ်ကို ခြေထောက်တင်ထားသည့် လူက မျက်နှာပေါ်တွင် ကောင်းဘွိုင်ဦးထုတ်ကို တင်ထားပြီး အိပ်နေတာ သိသာပေ၏။
ကလေးအဆီပင် မပျောက်သေးသည့် ခပ်ပြည့်ပြည့်ကောင်လေးက အနည်းငယ် စဉ်းစားလိုက်မိသည်။ ဒါပေမယ့် ဒီအကြောင်းရာက အရေးကြီးတာတော့ သေချာသည်။