နိုင်ငံပေါင်းစုံ ရှေးဟောင်းသုသေသန အစည်းဝေးပွဲကြီး စီစဉ်ရန် စာတင်ပြီးနောက်မှာ ကျောက်ဆည်မြို့မှ ရှာဖွေတွေ့ရှိခဲ့သော သေတ္တာကို လေ့လာခွင့် အမိန့်ကျလာပြီဖြစ်သည်။ ထို့ကြောင့် နေသျှံမှာ ထိုနာမည်မရှိသည့် ရှေးဟောင်းပစ္စည်းဆိုင်ကို နောက်တစ်ခေါက် သွားရပြန်သည်။
သူဆိုင်ထဲကို ဝင်လာတော့ ဖော်ကာက သူ့ကို မြင်တာနဲ့ အပြင်ထွက်ကြိုသည်။
"ကိုသျှံ အာစရိနဲ့ တွေ့ဖို့လာတာလားဗျ"
နေသျှံက သူဆောင်းလာသည့် ဦးထုတ်ကို ချွတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ဖော်ကာက ပြုံးကာ သူ့အိတ်ကို ဆွဲပေးလာသည်။
"အာစရိက အခုဆိုင်မှာမရှိဘူးဗျ၊ သူအပြင်ထွက်သွားတယ်၊ အထဲဝင်ထိုင်ပါဦး"
နေသျှံက ဖော်ကာနောက်ကလိုက်ပြီး အထဲသို့ ဝင်သွားတော့ နေရာတကျ စီထားသည့် ရှေးဟောင်းပစ္စည်းများကို တွေ့ရလေသည်။ ပစ္စည်းများက အရမ်းကြီးမကောင်းသော်လည်း ဈေးအသင့်အတင့် ရှိမည်ဆိုတာကိုတော့ သူသိလေသည်။ ဆိုင်ကို သူလျှောက်ကြည့်နေတော့ ဖော်ကာက သူ့နောက်ကို လိုက်ပြီး သူမေးတာဖြေဖို့ အဆင်သင့်ပြင်ထားလေသည်။
ကချေသည်ရုပ်တစ်ခုကို သူကောက်ကိုင်လိုက်တော့ ဖော်ကာက ပြုံးသွားသည်။
"ဒီအရုပ်က အတော်လေး ကြာနေပြီ၊ ဒါပေမယ့် ဈေးကတော့ မြောက်တယ်၊ ဆရာပြောတာတော့ သူက အင်းဝခေတ်က ကချေသည်ရုပ်ဆိုလားဘဲ"
နေသျှံက အရုပ်ကို သူ့နေရာမှာ သူပြန်ထားပြီးတော့ ဖော်ကာ့ကို မကြည့်ဘဲ ပြန်ဖြေသည်။
"ဒီအရုပ်မှာ ရေးထားတဲ့ စာနဲ့ လက်ရာအရတော့ ဒါက ပျူခေတ်က ပန်းပုပညာနဲ့အရေးအသားပဲ"
ဖော်ကာက ပါးစပ်အဟောင်းသားနဲ့ ခေါင်းတညိတ်ညိတ်နဲ့ သူ့ကို ထောက်ခံလိုက်သည်။
"အာ... ဟုတ်သားပဲ၊ ဆရာတစ်ခါပြောဖူးတာကို မေ့နေလို့"
နေသျှံက ခေါင်းခါလိုက်ကာ အခြားပစ္စည်းများကို လျှောက်ကြည့်ပြန်သည်။ သူမျက်စိကျလို့ တစ်ခုခုကို ကိုင်လိုက်တိုင်း ဖော်ကာက တလွဲရှင်းပြနေတာကြောင့် သူက အမှားကို ပြန်ပြင်ပေးတော့ ဖော်ကာက အရိပ်အခြည်ကြည့်ကာ ဘောပင်နဲ့ စာရွက်ယူ၍ လိုက်မှတ်တော့သည်။