အိပ်ခန်းဟာ လင်းဖြာနေတဲ့ဆီမီးရောင်အောက်မှာ ညက်ညက်ကလေးဝါ။ခုတင်ပေါ် အလူးလူးအလိမ့်လိမ့်နဲ့ ခုထိမအိပ်နိုင်သေးတာကတော့ ရှောင်ဝါးဝါ။
သူအိပ်လို့မပျော်ဘူး။ ဘာလို့ဆို ဟိုလူကြီးဆီက သက်သေယူဖို့ စိတ်လှုပ်ရှားနေရလို့ပဲဖြစ်ပါတယ်။ဟိုလူကြီး ဆေးလာတိုက်တာနဲ့ သောက်ချင်ယောင်ဆောင်မယ်။နောက်ပြီးရင်တော့ အိပ်ချင်ယောင်ဆောင်ပစ်လိုက်မှာပေါ့။ သူအိပ်ပျော်သွားပြီအထင်နဲ့ ဟိုလူကြီး ခုတင်ပေါ်တက်လာတော့မှ ဓားရိုးဖြစ်ဖြစ်၊ ဓားနှောင့်ဖြစ်ဖြစ် ရအောင်ဆွဲထုတ်ပြမယ်။ လက်ပူးလက်ကြပ်မိဖို့သာ ပြင်ထား..ဟမ့်။
အတွေးနဲ့အတူ သူ့နှုတ်ခမ်းပါးအစွန်းလေးတွေ ကော့ညွှတ်တက်သွားတယ်။ မှဲ့ပွင့်နက်နက်ကလေးဆို လွင့်ခနဲ။သူ့ကိုယ်သူ အချိန်ပိုင်း အထောက်တော်ကလေးလို့တောင် ထင်မိသွားပါရဲ့။မျက်လုံးလဲ့လဲ့လေးတွေ ထောင့်ကပ်လို့ခိုးကြည့်တော့ ဟိုလူကြီးက အလုပ်ရှုပ်နေပုံပါပဲ။
ပေသီးတချောက်ချောက်ခေါက်ရင်း စာရင်းစာအုပ်ကိုသာ သဲကြီးမဲကြီးကြည့်လို့နေပါတယ်။ဒါနဲ့ လူကြီးက သူ့ကိုဆေးတိုက်ဖု့ိမေ့နေတာများလားပဲ။"အဟမ်း..အဟမ်း"
သူ အသံမြှင့်ပြီး ချောင်းဟန့်လိုက်ပေမဲ့ ဘာမှမထူးခြားဘူးရယ်။ ဟိုလူကြီးကတော့ စာရွက်လှန်မပျက်၊ ပေသီးခေါက်မပျက်။
"အဟွတ်...အဟွတ် အဟမ်းး"
ဒီတစ်ခေါက်ကျ ချောင်းပါဆိုးပြလိုက်ပေမဲ့လည်း အချည်းနှီးပါပဲ။ လူကြီးက စုတ်တံကိုင်ပြီးတောင် အသေးစိတ်ရေးမှတ်ပစ်လိုက်ပါသေးရဲ့။အကြံအစည်မအောင်မြင်တဲ့ သူ့မှာတော့ နှာသီးဖျားလေး ရှုံ့တွသွားပြီရယ်။ သက်ပြင်းကို ဟင်းခနဲချတယ်။ ခန္ဓာကိုယ်လေးကို လိမ့်နေအောင်မှောက်လှဲပြီးတဲ့အခါ ထောင်ထားတဲ့ခြေနှစ်ချောင်းကို ဟိုဒီလှုပ်ယမ်းလိုက်ပါတယ်။
ပြီးတော့မှ ဟိုလူကြီးရဲ့အရိပ်အခြေကို အကဲခတ်ရင်း ခပ်ညည်းညည်းလေးရေရွတ်လိုက်တာက...
"အိုင်းးးဒီအချိန်ရောက်တိုင်း ဆေးခါးခါးလေးသောက်နေကျမို့ထင်တယ်...လျှာက အခါးဓာတ်ကိုတောင့်တနေရောပဲ "