နွေဦးကောင်းကင်က ကြည်စင်ဝင်းပနေလေရဲ့။ မနက်ခင်းလေနုအေးဟာတော့ သော့သော့ကလေးနှော့လို့နေပါတယ်။
"ကျွန်တော်လိုက်လို့မရတာ တကယ်လားဟင်"
"အင်း..တကယ်"
သူမဝံ့မရဲလေးနဲ ့သေချာအောင်ထပ်မေးလိုက်တဲ့အခါ အပေါ်ဝတ်ရုံဝတ်ဆင်နေတဲ့လူကြီးက ခေါင်းညိတ်လာပါတယ်။သူ့နှုတ်ခမ်းပါးလေး စူထော်လာချိန်မှာတော့ လူကြီးက ဝတ်ရုံခါးစည်းကိုတင်းနေအောင် စည်းနှောင်နေလေရဲ့။ကျယ်လွင့်ဖွေးလွတဲ့ လက်ဖမိုးဟာတော့ သွေးကြောစိမ်းတွေ ထင်းခနဲနေအောင် ခက်လက်ယှက်ဖြာသွားပြီပဲဖြစ်ပါတယ်။
"နှုတ်ခမ်းစူမထားနဲ့လေ...ပေါင်လူကြီးမင်းက ဘယ်လိုအမိန့်ချမယ်မှန်းမသိလို့ ကိုယ်မခေါ်တဲ့ဟာကို...
မင်းမမြင်သင့်တာတွေ မြင်ကုန်မှာစိုးလို့ပါ ရှောင်ဝါးဝါရာ...ဟင်"သူ့ပခုံးဖျားသေးသေးလေးတွေကို ဖွဖွအုပ်ကိုင်ရင်းပြောလာပါတဲ့ လူကြီးရယ်ပါ။သူ့မျက်နှာရိပ်မျက်နှာကဲကို အကြည့်နွေးနွေးနဲ့ စေ့စေ့ကြည့်ဖို့လည်း မေ့မနေဘူးရယ်။ သူကတော့ ပြောခါမှပဲ အောက်နှုတ်ခမ်းပါးလေးရှေ့ထွက်တဲ့အထိကို ဖူးထော်ပစ်လိုက်တာပဲ။ဒီနေ့က သူ့ကိုနာကျင်စေတဲ့တရားခံတွေကို တရားစီရင်မဲ့နေ့မို့ ခိုင်ဖုန်းရုံးတော်ဆီ လိုက်ကြည့်ချင်တဲ့ဟာကို။
လူကြီးက ဘာတွေတွေးပူနေမှန်းမသိဘဲ သူ့ကိုထားခဲ့ဖို့ ကြံစည်နေပါတယ်။မုန်းတယ်။ မုန်းတယ်။ ဒီလူကြီးက အခုရက်ပိုင်းလည်း အိမ်တော်မှာပဲနေပြီး သူ့ကိုမျက်စိဒေါက်ထောက်ကြည့်နေခဲ့တာ။ညဘက်ဆိုလည်း သူ့ခမျာသက်သေမရှာနိုင်ဘဲ တုံးခနဲအိပ်ပျော်သွားတာချည်းပဲ။ မအိပ်ဘဲလည်းတောင့်ခံနိုင်ရိုးလားရယ်။သမားတော်ကျိုရဲ့အမွှေးအိုးက သူ့ကို မအိပ်အိပ်အောင် ဇွတ်သိပ်နေတော့တာကို။
ဒါပေမဲ့ ဒီရက်ပိုင်းသူမုန့်တွေအများကြီးစားရတာကတော့ ခြွင်းချက်ပေါ့။ အပြင်မသွားရမဲ့အတူတူ အစေခံတွေကို မနားတမ်းခိုင်းပစ်လိုက်တာပဲ။မုန့်မျိုးစုံအပြင် ဟင်းတွေတစ်မျိုးပြီးတစ်မျိုးချက်ခိုင်းပြီးတော့ကို အဝလွေးပစ်တာရယ်။လူကြီးကတော့ သူ့သဘောအတိုင်း စီမံပေးရင်းပြုံးကြည့်နေတာချည်းပါပဲ။ဒါနဲ့ သူ့မျက်နှာလေးအခုဆို ဝိုင်းဝိုင်းကလေးတောင်ဖြစ်နေပြီလားမသိနော်။