အိပ်ခန်းဆောင်ဟာ နေ့လယ်ခင်းမို့ လင်းလင်းထင်း။လေပြည်နှော့လိုက်လေတိုင်း မူသန်းပန်းရနံ့သင်းပျံ့ပျံ့တို့က နှာသီးဝဆီအလုံးအရင်း။
ရိပေါ် လက်နောက်ပစ်လို့မတ်တပ်ရပ်ရင်း မျက်စိကစားလိုက်တော့ စားပွဲပေါ်မှာရှိနေပါတဲ့ စုတ်တံတစ်ချောင်းကိုသွားတွေ့တယ်။စုတ်တံက မင်ခြောက်နေပြီဖြစ်ပြီး မဟော်ဂနီရောင်စားပွဲပြင်ပေါ်မှာတော့ မင်စက်အစွန်းအထင်းတချို့ကို တွေ့ရပါရဲ့။ကြည့်ရုံနဲ့ သူ့စာကြည့်စားပွဲကစုတ်တံ ဒီကိုရောက်နေမှန်းသိလိုက်ရပါတယ်။ထင်တဲ့အတိုင်း သူ့အမျိုးသားလေးက မင်နှုတ်ခမ်းမွေးလှလှလေးကို ဖန်တီးခဲ့တာပဲ။
အတွေးနဲ့အတူဖွဖွပြုံးမိသွားချိန်မှာပဲ မျက်လုံးထောင့်ကနေ လှုပ်ရှားမှုလေးက ရိပ်ခနဲ။ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ အမျိုးသားလေးတစ်ယောက် သူ့ငွေမှင်ရောင်အပေါ်ဝတ်ရုံကို ဆွဲလွဲချွတ်ဖို့ကြိုးစားနေတာတွေ့လိုက်ရပါတယ်။ဒီအမျိုးသားကလေးဟာလေ သူ့ဝတ်ရုံဖားဖားကြီးနဲ့ ဘယ်လိုတောင်လိုက်ဖက်ပြီး ဘယ်လောက်ထိချစ်စရာကောင်းနေမှန်း မသိလေရော့သလားပဲ။
ရုံးတော်ရှေ့မှာ သူ့ဝတ်ရုံဖားဖားနဲ့ ကိုးရိုးကားယားလုပ်နေကတည်းက သူ့ခမျာ အသည်းအူယားနေခဲ့ရတာ။အလန့်တကြားနဲ့ထွက်ပြေးပြန်တော့လည်း ဘေးမသီစေဖို့ အပြေးအမီလိုက်ခဲ့ရပြန်ရောပဲ။လစ်ရင်လစ်သလို ခိုးထွက်တတ်တဲ့အကျင့်လေးက ဘယ်တော့များမှ ပျောက်ကင်းပါ့မလဲ။လောလောဆယ် အတိတ်မေ့ဝေဒနာကိုတောင် အရှင်းပျောက်အောင် မကုသနိုင်သေးတဲ့ဟာကို။တစ်ခုခုသာထပ်ဖြစ်ရင် ရင်ကျိုးရချည်ရဲ့။
တကယ်တမ်းကျ သူ့အမျိုးသားလေးအတွက် အသင့်တော်ဆုံးလက်တုံ့ပြန်နည်းက အနိဋ္ဌာရုံဖြစ်နေတာ ခက်တယ်။ဒါကြောင့်လည်း သူနဲ့အတူ ရုံးတော်ကိုမလိုက်စေချင်ခဲ့တာပါပဲ။ခိုင်ဖုန်းရုံးတော်ရဲ့ ခွေးခေါင်းဓားစက်က ထက်ပါဘိသနဲ့။ဒါကို နားမလည်ရှာတဲ့ အဆိုးအဂျစ်ကလေးက ရုပ်ဖျက်ပြီးမှ ခိုးထွက်လာပါသတဲ့။ ဒီလိုဆိုမှတော့ သူကလည်း နည်းနည်းပါးပါး ဝင်ကစားပေးရတော့တာပဲပေါ့။အခုလည်းကြည့်၊ မိသွားလို့ အိမ်တော်ထဲပြန်ရောက်တာတောင် ပေကပ်ကပ်နိုင်ချင်တုန်းရယ်။