ဘန်းးး!
အိပ်ခန်းတံခါးကို ခပ်ဆောင့်ဆောင့်ကလေးပိတ်လိုက်သံက ညခင်းအလယ်ထွက်ပေါ်လာပါတယ်။တံခါးမင်းတုပ်ကို အသေအချာထိုးကန့်လန့်ပြီးတဲ့အခါမှာတော့ သူ စိတ်ချလက်ချဖြစ်သွားပြီပဲဖြစ်ပါတယ်။
"အဲ့အိမ်တော်ထိန်းဆိုးဆိုး ခုတော့ ဘာတတ်နိုင်သေးလဲ ဟမ့်"
တိုးတိုးကလေးကြုံးဝါးလိုက်တဲ့ သူက နှာသီးဖျားလေးရှုံ့တွဖို့လည်းမေ့မနေပါဘူး။အဲ့ဒီ စိတ်ပျက်စရာအိမ်တော်ထိန်းက ညဘက်ရောက်တိုင်း အမွှေးအိုးကို အစောကြီးလာထွန်းနေတာကြာပေါ့။သူ့ခမျာ ညစာစားပြီးတာနဲ့ တုံးခနဲအိပ်ပျော်သွားရတာချည်းပဲ။ဟိုလူကြီးဆီက သက်သေရဖို့နေနေသာသာ သူ့ဗိုက်ကလေးတောင် အဆီရစ်ပြီး စူလာတာပဲအဖတ်တင်တဲ့ဟာကို။
ဟိုလူကြီးဆိုမှ ရုတ်တရက် လူကြီးကိုသတိရသွားပြီမို့ သူ့မျက်ဝန်းလဲ့လဲ့လေးတွေရဲ့ဉီးတည်ရာက အိပ်ခန်းနဲ့တွဲလျက်မှာရှိနေတဲ့ ရေချိုးဆောင်ဆီရောက်လို့သွားပါတယ်။လူကြီးက အခုချိန်ရေချိုးနေတာမို့ ရေချိုးဆောင်မှာ မီးရောင်ပျပျမြင်နေရတယ်။တစ်ချက်တစ်ချက် ရေသံသဲ့သဲ့ကိုလည်း ကြားရပါသေးရဲ့။
လူကြီးက ခုတလော အိမ်တအားကပ်တာပဲ။သူဆို ဟိုတစ်ခါ ရုပ်ဖျက်ပြီးထွက်ပြီးကတည်းက ခုထိ အိမ်ထဲမှာပဲနေနေရပါတယ်။အခုလည်း သူ အိပ်ခန်းတံခါးပိတ်ထားမှန်းသာသိရင် အိမ်တော်ထိန်းအစား အမွှေးအိုးလာထွန်းပေးဉီးမှာ သိသားပဲ။ဒါပေမဲ့ လူကြီးရေချိုးတာကြာဉီးမှာမို့ အချိန်ခဏဖြစ်ဖြစ် ဆွဲထားတန်ကောင်းပါရဲ့။ သူ မအိပ်ချင်သေးဘူးရယ်။နောက်ပြီး လူကြီးရဲ့ လက်နက်ဘယ်နားလေးမှာ ဝှက်ထားမလဲဆိုတာကိုလည်း သိချင်လှပါတယ်။
အတွေးနဲ့အတူ ဆတ်ခနဲထလိုက်တော့ ခေါင်းထဲက ဆစ်ခနဲထိုးကိုက်လာတယ်။နောက်တော့ မပီမသမြင်ကွင်းတွေက ဆက်တိုက်ထွက်ပေါ်လာတော့တာပါပဲ။ အဖြူရောင်ဝတ်စုံနဲ့ ဗျပ်စောင်းထိုင်တီးနေတဲ့ လူတစ်ယောက်။မျက်နှာက မသဲကွဲပေမဲ့ သာယာငြိမ့်ညောင်းနေတဲ့ ဗျပ်စောင်းသံကိုတော့ အရှင်းသားကြားနေရတယ်။ နောက်ပြီး စားပွဲပုပေါ်စီရီထားတဲ့ စာအုပ်တွေ။ စုတ်ချက်နွဲ့နွဲ့နဲ့ သီကုံးထားပါတဲ့ လက်ရေးလှလှ။