နွေငွေ့ - ၄

210 31 1
                                    

ညရဲ့အကောင်လေးတွေက တီးတိုးရွတ်ကာ မြူးတူးနေကြတယ်။အိမ်ကြီးရှေ့က မြတ်ခင်းစိမ်းပေါ်မှာတော့ မိုးနံ့နဲ့ ပိတောက် အတူထိုင်ကာ ကြယ်တွေကို ငေးကြည့်နေကြတယ်။

" မှီချင်တယ်ဆို တို့ပခုံးအားတယ်နော် "

မိုးနံ့က ခပ်ဖွဖွ ရယ်လိုက်တယ်။သူ့ပခုံးထက်မှာ မိုးနံ့မှီတော့ မိုးနံ့ ဘယ်ဘက်လက်ချောင်းတွေကို ပိတောက်က ထွေးဆုပ်လာတယ်။

" ကျေးဇူးပါပဲ "

" ဘာကိုလဲ "

မိုးနံ့အမေးကို ပြန်မဖြေဘဲ ခေါင်းယမ်းတယ်။မိုးနံ့ လက်ချောင်းတွေကို ဆုပ်ရင်း ပွတ်သပ်နေတယ်။

" အစ်မ "

" ဟင် "

" ဘာလို့ ချက်ချင်းကြီး ထွက်သွားတာလဲ "

ပိတောက်က သက်ပြင်းညှင်းညှင်း ချတယ်။မိုးနံ့က သူ့ပခုံးထက်မှာ မှီလိုက်တယ်။

" တို့က လိင်တူပဲ စိတ်၀င်စားတာ သိတယ်မလား ကလေး "

ဒီမေးခွန်းကို ကြားရတော့ မိုးနံ့ ၀င်သက်တွေ ခက်ခဲသွားရတယ်။ခေါင်းငြိမ့်ပြတာကို အစ်မ သတိထားမိမှာပါ။

" တို့စိတ်တွေ မင်းအပေါ် မရိုးသားတော့ဘူး ကလေးရဲ့ "

သွေးကြောတစ်ချို့ဟာ လန့်ဖြတ်ခုန်သွားသလား။တိတ်ဆိတ်တဲ့ ညယံမှာ တဒုတ်ဒုတ်နဲ့ နှလုံးသားတစ်ခုကပဲ ဂဏာမငြိမ်တယ်။သူဆုပ်ကိုင်ထားတဲ့ မိုးနံ့ရဲ့ လက်ချောင်းတွေက သူ့၀င်သက်ထွက်သက်နဲ့ ပိုပြီးနီးကပ်လာသလို ခံစားရတယ်။ဒီထက်ပိုပြီး မနီးကပ်ဖို့ ဆုတောင်းပေမဲ့ မပြည့်လိုက်။အစ်မရဲ့ နှုတ်ခမ်းတစ်စုံက မိုးနံ့လက်ဖမိုးမှာ ဆင်းသက်ခစားသွားပြီ။ ထွက်သက်တစ်ခု မချောမွေ့စွာ ထွက်သွားပြီးမှ အစ်မအပေါ် လွန်ဆန်နိုင်စွမ်း မရှိဘူးဆိုတာ မိုးနံ့ လက်ခံလိုက်ရတယ်။

" မင်း တို့ဆီ လိုက်မလာခဲ့သင့်ဘူး ကလေး"

" မိုးနံ့ကတော့ နောင်တ မရပါဘူး "

မေးဖျားက ညင်သာစွာ အလှည့်ခံရပြီး အစ်မက သူ့မျက်၀န်းတွေနဲ့ စုံစေတယ်။

" ဘာကိုပြောချင်တာလဲ "

မျက်လွှာချကာ သူ့ပခုံးပေါ် မှီမြဲ မှီနေလိုက်တယ်။မိုးနံ့လက်ချောင်းတွေက အစ်မလက်ချောင်းတွေထဲ တိုး၀င်လိုက်တယ်။

နွေငွေ့ ( summer feelings )Where stories live. Discover now