"ချပ်"
ကားမှန်ပြူတင်းပေါက်မှတစ်ဆင့် ဘေးဘက်က ရှုခင်းကို ရိုက်လိုက်သည်။ ညနေ ဆည်းဆာနှင့်အတူ ငှက်များထပျံသွားသည်က ပိုက်ဆံပေးစရာမလိုဘဲ ကြည့်ရှုရတဲ့ အလှနိဗ္ဗာန်တစ်ခုလို ။ ရိုက်ပြီးသည်နှင့် ဖန်သားပြင်ပေါ်က ဓာတ်ပုံလေးကိုကြည့်ပြီး နှစ်လိုဖွယ်ပြုံးမိသည်။
ဓာတ်ပုံတွေ..။ ဓာတ်ပုံတွေဆိုတာ အမှတ်တရဘဲ။ ဓာတ်ပုံတစ်ပုံကို ကြည့်မိတိုင်း အဲ့ဒီအချိန်တုန်းက အစစ်အမှန်ခံစားခဲ့ရတဲ့ ပျော်ရွှင်မှု ၊ ၀မ်းနည်းမှု ၊ ကြည်နူးမှု ၊ အလှအပ စသည်တို့ကို တပြိုင်နက်တည်း ခံစားမိတယ်လေ။
စဉ်းစားကြည့်မှ ကျွန်တော့်သက်တမ်းတစ်လျှောက်လုံး မြင်သမျှကို ဓာတ်ပုံရိုက်ရင်း ကုန်ဆုံးခဲ့တာ ။ ကဗျာဆန်ဆန် ဖွဲ့ဆိုရလျှင်တော့ အမှတ်တရတွေကို မှတ်တမ်းတင်ရင်း ကုန်ဆုံးခဲ့ရသည်ပေါ့ ။ အခုလည်း ကျွန်တော့်ဇာတိကိုပြန်ချိန် ခရီးလမ်းမှာ တွေ့သမျှကို ရိုက်မိတော့တာပါဘဲ ။
ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကျော်ပြီးနောက် ခံစားရသည်က ငယ်ဘ၀ကို ပြန်ရောက်သွားသလို။ ၂၀ နှစ်သားကတည်းက ဘန်ကောက်ကိုပြောင်းရွှေ့ပြီး မွေးရပ်မြေကို ပြန်မရောက်ဖြစ်တာ ယခု ၂၆ နှစ်အရွယ်အထိ ။ ခုတောင် သင်္ကြန်ကို ဒီနှစ်တော့ ဇာတိပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်သာ ။ အရာရာက တိုးတက်ပြောင်းလဲပြီး အိမ်တွေလည်း အရင်တုန်းကနှင့် မတူတော့ချေ ။
ဟိုငေးဒီငေးနှင့် မွေးရပ်မြေအလှကို အပြည့်အ၀ ခံစားမိချိန် ကားက လမ်းချိုးလေးတစ်ခုထဲသို့ ရောက်နှင့်နေပြီ ။ အိမ်ပုံစံတွေက ထူးခြားသည်မို့ မှတ်တမ်းတင်ရန် ကင်မရာကို ထုတ်ပြီးချိန်နှင့်ပြီးသား ။ ပြီးတော့ တရွေ့ရွေ့နှင့် ဆက်မောင်းနေချိန် ကင်မရာထဲ၀င်လာသည်က ကောင်လေးတစ်ယောက်..။
ဗန်းတစ်ခုထဲမှာ ပန်းကန်တွေအများကြီးကို မ, ပြီး ပြုံးရယ်နေတဲ့ စားသောက်ဆိုင်ထဲမှ ကောင်လေးတစ်ယောက် ။ စားသောက်ဆိုင်ဟုဆိုပေမယ့်လည်း သိပ်တော့မကြီး ။ သာမန် အပြင်မှာ ခုံပုလေးတွေနှင့် ထိုင်စားရတဲ့ဆိုင်သာ..။