"အူးဝါးး ခုနလေးတင်ကြယ်ကြွေသွားတယ် တွေ့လိုက်လားဆောင်းဟွန်း.!! အမြန်ဆုတောင်းရအောင်"
ကောင်းကင်ပေါ်မော့လျက်က မျက်လုံးတွေကိုမှိတ်ထားရင်းပါးစပ်တလှုပ်လှုပ်နဲ့ဆုတောင်းနေတဲ့ဂျယ်ယွန်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ပြီးတော့ သူ့စိတ်ထဲဆုတောင်းကတိတစ်ခုပြုလိုက်တယ်။
ရိုးရှင်းလှတဲ့ဆုတောင်းလေးတစ်ခုထဲရယ်ပါ..
"ဘယ်လိုဆုတောင်းမျိုးတောင်းလိုက်လဲဆောင်းဟွန်းနား"
"မင်းကရော..?"
"မပြောပြပါဘူး သူတောင်မပြောတာကို"
ညစိမ်းလေထဲဝဲပါလာတဲ့ညမွှေးပန်းနံ့တွေဟာ ကောင်ငယ်လေးနှစ်ယောက်ရဲ့အခိုက်အတန့်တစ်ခုလုံးကို လွှင့်မြောစုန်ချည်လာအောင်စွမ်းဆောင်နိုင်လွန်းလိုက်တာများ။ခပ်လွင်လွင်အချစ်တွေလည်းအရူးလိုကြီးထွားလာကြရင်းက မရပ်တန့်နိုင်တော့တဲ့ထပ်တူကျအပြုံးတွေတောင် မပွင့်လင်းနေစရာအကြောင်းမရှိတော့။
"အချိန်တွေကိုဘယ်လိုရပ်ရမလဲ ဒီညကုန်ဆုံးသွားမှာကိုမလိုလားလိုက်တာ"
ဆောင်းဟွန်းဆီကအစစ်မှန်ဆုံးစကားသံပြေပြေလေးနဲ့အတူ ဖြူသွယ်သွယ်လက်တွေဟာလည်းဖြည်းဖြည်းချင်းသက်ဝင်လှုပ်ရှားလို့လာတယ်။လက်တွေကိုအတူတူဘေးချင်းကပ်ထောက်ထားတာဖြစ်လို့ သူ့လက်ချောင်းတွေကိုဘေးဘက်အနည်းငယ်ရွေ့လိုက်ရုံနဲ့တင် ဂျယ်ယွန်းလက်ဖျားထိပ်လေးတွေနဲ့ထိကပ်တယ်။
အနည်းငယ်အေးစက်နေတဲ့ဂျယ်ယွန်းလက်ထိပ်လေးတွေကို မထိတထိလေးတို့ကာရှပ်ကာလုပ်မိတော့ အလိုက်သင့်လေးပြန်လည်ပွတ်သပ်ကာ တုံ့ပြန်ဆော့မြူလာတဲ့ဂျယ်ယွန်းကြောင့် သူ့လက်ချောင်းအဖျားလေးတွေတဖန်အငြိမ်မနေဖြစ်ရပြန်တယ်။
"မှတ်မိသေးလား ငါကပြောစရာရှိတယ်လို့ပြောထားတာကို"
"ငါလည်းရှိတယ်လို့ပြောထားတယ်မလား"
ဖြူစွတ်စွတ်စာရွက်တစ်ရွက်အပေါ် အရောင်နုလေးတွေခပ်ပါးပါးစတင်စွဲရစ်လာသလိုမျိုး အလေးနက်ဆုံးအကြောင်းအရာတစ်ခု ဇာတ်ပျိုးလာတဲ့အခါ ခံစားချက်ဝိညာဉ်တွေကတောင်ထကြွယိမ်းနွဲ့နေကြလေရဲ့။